သမ္မတ ထရမ့်နဲ့ မစ္စတာ ကင်ဂျုံအွန်းတို့ ဘာတွေ ဆွေးနွေးမလဲ

ဇွန် ၁၂ ရက်နေ့မှာ ဆန်တိုစာကျွန်းပေါ်က ကြယ်ငါးပွင့် အဆင့် ရှိတဲ့ ကပ်ပီလာ ဟိုတယ် Capella Hotelမှာ မစ္စတာ ထရမ့်နဲ့ မစ္စတာ ကင်ဂျုံအွန်းတို့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ခေါင်းဆောင်က လက်ရှိ သမ္မတ ရာထူး တာဝန် ထမ်းဆောင်နေတဲ့ အမေရိကန် သမ္မတနဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။

ထိပ်သီး ဆွေးနွေးပွဲ မတိုင်ခင် ခေါင်းဆောင် ၂ ဦးစလုံးဟာ စင်ကာပူ ဝန်ကြီးချုပ် လီရှန်းလွန်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကတော့ စင်ကာပူ ဝန်ကြီးချုပ် လီရှန်းလွန်းနဲ့ တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ သမ္မတ ထရမ့်ကလည်း စင်ကာပူကို ရောက်ရှိလာပါတယ်။

စင်ကာပူဝန်ကြီးချုပ် လီရှန်းလွန်းက ဒီဆွေးနွေးပွဲကို လက်ခံကျင်းပတာ ဒေါ်လာ သန်း ၂၀ လောက်ကုန်ပေမယ့် ဒီလိုအကုန်ကျခံရတာကို ပျော်တယ်လို့ ဝန်ကြီးချုပ် လီရှန်းလွန်းက ပြောပါတယ်။

မစ္စတာ ထရမ့်နဲ့ မစ္စတာ ကင်တို့ မျက်နှာချင်းဆိုင် မတွေ့ဆုံခင် သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးကို ပြန်ကြည့်မယ် ဆိုရင် လွန်ခဲ့တဲ့ ၁၈ လအထိ သူတို့ရဲ့ ဆက်ဆံရေး ဟာ အတက်အကျ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

တဦးနဲ့ တဦး စကားစစ်ထိုးခဲ့ကြသလို စစ်ပွဲတွေနဲ့ အပြန်အလှန် ခြိမ်းခြောက် ပြောဆိုခဲ့ကြတာပါ။

၂၀၁၈ ခုနှစ် အစောပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ ပြုံချမ်းမှာ ကျင်းပတဲ့ အိုလံပစ်ပွဲ တော်ကို မြောက်ကိုရီးယားနိုင်ငံက ကိုယ်စားလှယ်တွေ စေလွှတ်ပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။

မတ်လမှာတော့ မစ္စတာကင်က သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ တောင်ကိုရီးယား ကနေ တဆင့် သတင်းစကားပါးခဲ့တာကို သမ္မတ ထရမ့်က လက်ခံခဲ့ရာက ဒီဆွေးနွေးပွဲ ဖြစ်ဖို့ အစပျိုးခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်နဲ့ မစ္စတာ ကင်တို့ရဲ့ ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား ကင်းရှင်းရေး၊ တင်းမာမှုတွေ လျော့ချရေးနဲ့ ကမ္ဘာ့ ငြိမ်းချမ်းရေးကိစ္စကို အဓိကထား ဆွေးနွေးသွားဖို့ ရှိနေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုနေပါ တယ်။

အမေရိကန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် အလုံးစုံ ဖျက်သိမ်းရေးကို လိုလားနေပါတယ်။

ဒါပေမယ့် စင်ကာပူဆွေးနွေးပွဲမှာ တထိုင်တည်းနဲ့ မြောက်ကိုရီးယားဆီက နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုတဲ့ အချက်ကိုရမှာ မဟုတ်သလို သမ္မတ ထရမ့်ကလည်း ဆွေးနွေးပွဲဟာ မြောက်ကိုရီယားရဲ့ အခြေအနေကို သိရှိဖို့နဲ့ ဒီလို ဖျက်သိမ်းဖို့က ဖြစ်စဉ်တခုလို့ နောက်ပိုင်းမှာ သူရဲ့ လေသံကို ပြန်လည် လျော့ချခဲ့ ပါတယ်။

နျူကလီးယား လက်နက် ဖျက်သိမ်းရေး လမ်းကြောင်းကို မြောက်ကိုရီးယားက လျှောက်လမ်းမယ်ဆိုရင် ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို သက်သာစေမယ်လို့ အမေရိကန်ဘက်က ပြောဆိုထားပါတယ်။

မြောက်ကိုရီးယားရဲ့ စီးပွားရေးကို ပြန်လည်ကုစားဖို့ မစ္စတာကင်က အာရုံစိုက်နေ တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လျော့ပါးပြီး နိုင်ငံတကာ ရင်းနှီး မြုပ်နှံမှုတွေ မြောက်ကိုရီးယားကို ဝင်ရောက်ဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် မစ္စတာ ကင်အနေနဲ့ အမေရိကန်ရဲ့ တောင်းဆိုချက်ကို ဘယ်လောက် အထိ လိုက်လျော့မလဲဆိုတာကတော့ မေးခွန်း ထုတ်စရာ ဖြစ်နေ တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် ၁၉၅၉ ခုနှစ်က အဆုံးသတ်သွားတဲ့ ကိုရီးယား စစ်ပွဲကို တရားဝင် အဆုံးသတ်တာကို သဘောတူ လက်မှတ် ရေးထိုးဖို့ မစ္စတာ ထရမ့်က အလိုရှိနေ သလို ဒီလိုလုပ်တာဟာ အလွယ်ကူဆုံးဖြစ်မယ်လို့လည်း ထုတ်ဖော် ပြောဆိုထား ပါတယ်။

ဒါပေမယ့် ဒီဆွေးနွေးပွဲမှာတော့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးဖွယ် မရှိဘူးလို့လည်း ဆိုပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း အမေရိကန်အိမ်ဖြူတော်မှာ သမ္မတ ထရမ့်နဲ့ တွေ့ဆုံခဲ့စဉ် ဂျပန်နိုင်ငံသားတွေ ပြန်ပေးဆွဲခံထားရတဲ့ကိစ္စ မစ္စတာကင်နဲ့ တွေ့တဲ့အခါ ပြောပေးဖို့ တိုက်တွန်းထားတာကို ထရမ့်ဘက်ကလည်း ပြောဆို ပေးမယ်လို့ ကတိပေးခဲ့တာ ရှိနေပါတယ်။

တကယ်လို့ ဆွေးနွေးပွဲ ရလဒ်မကောင်းရင် ဆွေးနွေးပွဲကနေ သမ္မတ ထရမ့်က ထွက်ခွာသွားမှာ ဖြစ်သလို ရလဒ်ကောင်းတွေ ရလာမယ်ဆိုရင် မစ္စတာကင်ကို အိမ်ဖြူတော်ကို ဖိတ်ခေါ်သွားမယ်လို့ ပြောဆိုထားပါတယ်။