စင်္ကာပူ စရိတ် စိုက်ပေးမယ်လို့ နျူဆန့်ကျင်ရေး အဖွဲ့ ကမ်းလှမ်း

တကယ်လို့ ထရမ့်နဲ့ ကင်ဂျုံအွန်းတို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ အထမြောက်လို့ မြောက်ကိုရီးယား ခေါင်းဆောင်သာ စင်္ကာပူကို အခုလထဲ ရောက်လာမယ် ဆိုရင် သူ့အတွက် ဟိုတယ် ကုန်ကျစရိတ်တွေ အားလုံးကို တာဝန် ယူမယ် ဆိုပြီး နျူကလီယာ ဆန့်ကျင်ရေး အဖွဲ့ ICAN က ကမ်းလှမ်း လိုက်ပါတယ်။
ICAN အဖွဲ့ဟာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အဖွဲ့ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဆုချီးမြှင့် ခံထားရတာ ဖြစ်ပါတယ်။
သူတို့ ရခဲ့တဲ့ ဆုကြေးငွေထဲက အသုံးပြုပြီး ကင် အတွက် ကုန်ကျစရိတ်ကို ပေးမယ်လို့ ဆိုလာတာ ဖြစ်ပါတယ်။
ကင်ဂျုံအွန်းရဲ့ စင်္ကာပူ ခရီး ဖြစ်မြောက်လာရင် လုံခြုံရေးတွေ အပါအဝင် တခြား အထောက်အကူပြု အဖွဲ့ဝင်တွေ လူဦးရေ အများအပြား လအတူ လိုက်ပါ လာနိုင်တယ်လို့ မျှော်လင့် ရပါတယ်။
ဒါ့ကြောင့် ဒီ ခရီးဟာ နိုင်ငံခြားငွေ နည်းပါနေတဲ့ မြောက်ကိုရီးယား အစိုးရ အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ် ဆိုပြီး သုံးသပ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာတဲ့နောက် ICAN အဖွဲ့က အခုလို ကမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။

ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ ကမ္ဘာတခွင်လုံး နျူကလီယာ ကင်းစင်ရေးကို မျှော်ရည်ပြီး အခုလို ကမ်းလှမ်းရတာ ဖြစ်တယ်လို့ ICAN အဖွဲ့က တာဝန်ရှိသူ တစ်ဦး ဖြစ်တဲ့ အာကီရာ ကာဝါဆာကီက ပြောပါတယ်။
စင်္ကာပူ အစိုးရကလည်း မြောက်ကိုရီးယား အဖွဲ့ အတွက် ကုန်ကျစရိတ် တချို့တဝက် အကုန်ကျ ခံပေးမယ်လို့ ပြောထားပါတယ်။
မြောက်ကိုရီးယား ပြည်တွင်း အခြေအနေကို ကြည့်ရင်တော့ မြောက်ကိုရီးယား စစ်တပ်ရဲ့ ထိပ်ဆုံးပိုင်းက ရာထူးအမြင့်ဆုံးသူ ၃ ယောက် အခုလပိုင်းတွေ အတွင်း နေရာက ဖယ်ရှား ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
ကာကွယ်ရေး ဦးစီးချုပ် ပတ်ယုံဆစ်နဲ့ သူ့ရဲ့လက်ထောက် စစ်ဦးစီးချုပ် အပြင် တပ်ရဲ့ ပေါ်လစ်ဗျူရို ညွှန်ကြားရေးမှူးပါ အဖြုတ်ခံရပြီး လူငယ် အရာရှိတွေနဲ့ အစားထိုးခံရတယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက ပြောလာတာ ဖြစ်ပါတယ်။
အစားထိုး ခန့်အပ် ခံထားရတဲ့ ခေါင်းဆောင်သစ်တွေက ပိုပြီး သဘောထား ပျော့ပျောင်းသူတွေလို့လည်း ဆိုပါတယ်။
ကင်ဂျုံအွန်းနဲ့ ထရမ့်တို့ လက်နက် ဖျက်သိမ်းရေး ကိစ္စ ဆွေးနွေးပွဲ လုပ်ရင် တပ်ထဲက မကျေနပ်တာတွေ ရှိလာမှာကို ကင်ဂျုံအွန်း ပူပန်ပုံ ရတယ် လို့လည်း သုံးသပ်ကြပါတယ်။
မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် အမေရိကန် ကို နယ်ချဲ့ ရန်သူ ဆိုပြီး အစဉ်တစိုက် သင်ကြား ခံလာရတာပါ။

ဒါပေမဲ့ မြောက်ကိုရီးယား အစိုးရ ရုပ်သံတွေက ဒီရက်ပိုင်းမှာ အမေရိကန်ကို တိုက်ခိုက်တာတွေ အသံလျော့လာပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲ ကိစ္စနဲ့ ကိုရီးယား ကျွန်းဆွယ်မှာ အဏုမြူ လက်နက် ကင်းရှင်းရေး အကြောင်းတွေကို ထည့်သွင်း ပြောဆိုလာပါတယ်။
တခါ၊ ဆီးရီးယား သမ္မတ အာဆတ်ရဲ့ မြောက်ကိုရီးယား ခရီးစဉ် ရှိနေတယ် ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။
သမ္မတ အာဆတ်သာ ပြုံယမ်းမြို့တော်ကို သွားရောက်ပြီဆိုရင် ကင်ဂျုံအွန်းဟာ မြောက်ကိုရီးယား အစိုးရ ခေါင်းဆောင်နေရာကို ၂ဝ၁၁ ခုနှစ်တုန်းက ဆက်ခံ ခဲ့တဲ့ နောက်ပိုင်း ပထမဆုံး အကြိမ် အနေနဲ့ နိုင်ငံခြား အစိုးရခေါင်းဆောင် တစ်ယောက်ကို အိမ်ရှင် အဖြစ် လက်ခံ တွေ့ဆုံမှာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားရဲ့ မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ဆီးရီးယားဘက်ကတော့ ဒီ ခရီးစဉ် အကြောင်း တစုံတရာ မှတ်ချက်ပြု ပြောဆိုတာမျိုးတော့ မရှိ သေးပါဘူး။
သမ္မတ အာဆတ်ရဲ့ ခရီးစဉ် ရှိနေတယ် ဆိုတာကို မြောက်ကိုရီးယား သတင်း ဌာန KCNA က ထုတ်ပြန် ခဲ့တာ ဖြစ်ပြီး မစ္စတာ အာဆတ် ကိုယ်တိုင် ဒီ ခရီးစဉ် ရှိကြောင်း အတည်ပြု ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။
မြောက်ကိုရီးယားနဲ့ ဆီးရီးယားကြား သံတမန် ဆက်ဆံရေးကို ၁၉၆၆ ခုနှစ် ကတည်းက စတင် ထားရှိ ခဲ့တာပါ။
၁၉၇၃ အောက်တိုဘာလမှာ အာရပ် အစ္စရေး စစ်ပွဲ ဖြစ်လာတဲ့ အခါ မြောက်ကိုရီးယားက လူအင်အား လက်နက် အင်အား ကူညီခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်ရဲ့ အဆိုအရ အခု နောက်ပိုင်းနှစ်တွေမှာလည်း ဆီးရီးယား အစိုးရကို မြောက်ကိုရီးယားက ဆက်လက် ကူညီနေတယ်လို့ ဆိုပါတယ်။
၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်ကြား မြောက်ကိုရီးယားကနေ ဆီးရီးယားထံ ပစ္စည်းတွေအကြိမ် ၄ဝ ပို့ခဲ့ပြီး အက်ဆစ် ဒဏ်ခံပြားတွေ၊ ပိုက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီ ပစ္စည်းတွေဟာ ဓာတု လက်နက်တွေ ပြုလုပ်ရာမှာ အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။











