မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ ဆီးရီးယားသမ္မတ အာဆတ် တွေ့မယ်

ဓာတ်ပုံ ရင်းမြစ်, AFP
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ အမေရိကန် သမ္မတ ထရမ့် တို့ အခုလ ၁၂ ရက်နေ့ မှာ စင်ကာပူ မှာ ထိပ်သီးညီလာခံ အနေနဲ့ တွေ ဖို့ ရက်နီးကပ် လာချိန် မှာ ဆီးရီးယား သမ္မတ ဘာရှား အယ်လ်အာဆတ် မြောက်ကိုရီးယား ကို တရားဝင် ခရီးစဉ် အဖြစ် လာရောက်မယ့် သတင်း ကို မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန KCNA က ထုတ်ပြန် လိုက်ပါတယ်။
ဒါပေမဲ့ ဘယ်နေ့ ဘယ်ရက် ဆိုတာတော့ KCNA က မဖော်ပြထားပါဘူး။
ကင်ဂျုံအွန်း အနေနဲ့ ၂ဝ၁၁ ခုနှစ် အာဏာရလာ ချိန်က စလို့ နိုင်ငံ အကြီးအကဲ တဦး ကို ဖိတ်ကြားခြင်း ဟာလည်း ပထမဆုံး ဖြစ်ပါတယ်။
ကင်ဂျုံအွန်းဟာ ဒီနှစ်ပိုင်းတွေ အတွင်းမှာ နိုင်ငံတကာ သံတမန် ရေး ဆက်သွယ်မှု တွေ လုပ်လာတဲ့ အထဲမှာ ပြီးခဲ့တဲ့ မေလက ဆိုရင် တရုတ် သမ္မတ နဲ့ တွေ့ခဲ့ပါတယ်။
အခုလို မဟာမိတ် ဆီးရီးယား သမ္မတ အာဆတ် ကို ဖိတ်ကြားတာ နဲ့ ပတ်သက်လို့ ဆီးရီးယား ဘက်ကတော့ ဘာသံမှ ထွက်မလာသေးပါဘူး။
ဒီ နှစ်နိုင်ငံ စလုံးဟာ ဓာတုလက်နက်တွေ ပူးပေါင်းထုတ်လုပ်ကြတယ် ဆိုတဲ့ စွပ်စွဲချက် ကို တော့ နှစ်ဘက်စလုံး က ငြင်းဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား သမ္မတ အာဆတ် က မြောက်ကိုရီးယား သံအမတ် မွန်ဂျုံနမ် ရဲ့ သံအမတ် ခန်အပ်လွှာ ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လက်ခံစဉ် မှာတော့ သူဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ သွားတွေ့မယ့် အကြောင်း ပြောသလို ကင်ဂျုံအွန်း အနေနဲ့ လည်း ကိုရီးယား နှစ်နိုင်ငံ ပေါင်းစပ်ရေး ကို အောင်ပွဲ တရပ်အနေနဲ့ မလွှဲမသွေ ရယူဖို့ သတိပြုမိပြီလို့ သူယုံကြည်ကြောင်း ပြောတာကို KCNA သတင်းစဉ် က ကိုးကား ဖော်ပြ ထားတာပါ။
ဒါပေမဲ့ တောင်နဲ့ မြောက်ပေါင်းစည်းရေးဟာ လက်တွေ့ မှာ အပေးအယူ လုပ်စရာတွေ အများကြီး ကျန်နေပါသေးတယ်။ အထူးသဖြင့် ဒီလ အတွင်း သမ္မတ ထရမ့်နဲ့ တွေ့တဲ့ အခါမှာလည်း တောင်ကိုရီးယား ကျွန်းဆွယ်မှာ အခြေစိုက်ထားတဲ့ အမေရိကန် တပ်တွေနဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ်မက်တစ် က ပြောပြီးသားပါ။
ခေါင်းဆောင် နှစ်ဦး တွေ့တဲ့ အခါမှာ အမေရိကန် စစ်အင်အား နှစ်သောင်းရှစ်ထောင် ကျော် ကို ပြန်လည်ရုပ်သိမ်းရေး စကား စပ်မိရင် ဒါဟာ ဘယ်လိုမှ ညှိနှိုင်းကြမယ့် ကိစ္စရပ်ထဲ မပါဘူး။ တောင်ကိုရီးယား ရဲ့ ဖိတ်ကြားချက်ကြောင့်သာ အေမရိကန် တပ်စွဲထားတာပါ လို့ ပြီးခဲ့တဲ့ ရက် က စင်္ကာပူမှာ ပြောခဲ့ပါတယ်။
ဒါကြောင့်မို့ သမ္မတထရမ့် နဲ့ ကင်ဂျုံအွန်း တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ဟာ အလျော်အစား များနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။








