ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာကာသထဲ ဒူးရင်းသီးပို့ဖို့ ထိုင်းစီစဉ်
အာကာသ စူးစမ်းလေ့လာရေးယာဉ်ထဲ ကမ္ဘာ့အနံ့အပြင်းဆုံးဆုံး အသီးဖြစ်တဲ့ ဒူးရင်းသီး ပါသွားတာကို စိတ်ကူးထဲ တွေးကြည့်လိုက်ပါ။
လာမယ့် ဇူလိုင်လအတွင်းမှာ အာကာသထဲကို ဒူးရင်းသီးတွေ ပို့ဆောင်သွားမယ်လို့ ထိုင်း အာကာသ သုတေသနပြုလုပ်ရေး အေဂျင်စီကနေ လတ်တလောမှာပဲ ထုတ်ပြန်ကြေညာပါတယ်။
အဲဒီအစီအစဉ်ဟာ အနာဂတ် အာကာသ ခရီးစဉ်တွေမှာ ထိုင်းအစားအစာတွေကို ထည့်သွင်းစီစဉ်နိုင်ဖို့အတွက် ရည်ရွယ်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။
စူးရှပြင်းလွန်းတဲ့ အနံ့နဲ့ ဒူးရင်းသီးတွေဟာ အရှေ့တောင်အာရှဒေသရဲ့ ပင်မ မျိုးရင်းမျိုးစိတ်တွေလည်း ဖြစ်ပါတယ်။
အမေရိကန် ကုမ္ပဏီတခုရဲ့ စီစဉ်မှုနဲ့အတူ ဒုံးပျံယာဉ်နဲ့ အဲဒီဒူးရင်းသီးတွေကို အာကာသထဲ သယ်ဆောင်သွားမှာဖြစ်တယ်လို့ ထိုင်းပြည်တွင်း မီဒီယာတခုကလည်း ဆိုပါတယ်။
ထိုင်းဟာ အာကာသ လေ့လာရေးလုပ်တဲ့ နိုင်ငံတွေစာရင်းထဲမှာ မပါဝင်သေးပေမယ့် အခုလို အစားအသောက် ဝန်ဆောင်မှု လုပ်ငန်းတွေကို လုပ်ဆောင်ခြင်းဟာ အနာဂတ်အတွက် သူ့ရဲ့ အာကာသ အစီအစဉ်ရှိနေတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
အာကာသ ယာဉ်မှူးတွေဟာ ထိုင်းအစားအသောက်တွေကို သုံးဆောင်နိုင်ဖို့အတွက် အဓိက အနေနဲ့ ရည်ရွယ်တာ ဖြစ်ပါတယ်လို့ အာကာသဆိုင်ရာ သတင်းအချက်အလက်နဲ့ နည်းပညာ ဌာန GISDA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။
အဲဒီအစဉ်အစ စတင်ခဲ့နိုင်မယ်ဆိုတာနဲ့ ဖတ်ထိုင်း ခေါက်ဆွဲကြော် နဲ့ ကောက်ညှင်း သရက်သီးထမင်းတို့လို ထိုင်းအစားအသောက်တွေကို အာကာသထဲ ပို့ဆောင်မှုတွေ ပိုမို စမ်းသပ်ပြုလုပ်နိုင်မှာဖြစ်တယ်လို့ ပြောခွင့် ရပုဂ္ဂိုလ်က ပြောပါတယ်။
ဒူးရင်းသီးဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များတဲ့ အသီးဖြစ်ပြီး မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လို ဒေသတွင်းနိုင်ငံတွေမှာလည်း ဒူးရင်းသီးကိုတွေ့နိုင်ပါတယ်။
သူ့ရဲ့ ပြင်းထန်စူးရှလွန်းလှတဲ့ အနံ့ကြောင့် မကြာခဏဆိုသလိုပဲ အများပြည်သူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ တချို့လေဝင်လေထွက်မရှိတဲ့ နေရာတွေမှာ ဒူးရင်းသီး ယူဆောင်လာမှု တားမြစ်ထားခြင်း ခံနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း အာကာသထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တောင်ကိုရီးယား အာကာသ ယာဉ်မှူးတဦးအတွက် ဇာတိမြေ အိမ်ချက်လက်ရာ ကင်ချီတွေကို ပေးပို့ခဲ့ရဖူးပါတယ်။