ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နျူကလီယား စမ်းသပ်ရေးနေရာ ကို ဖျက်သိမ်းတော့မယ်
မြောက်ကိုရီးယားဟာ သူတို့ရဲ့ နျူကလီယား စမ်းသပ်ရေး နေရာကို လာမယ့် သတင်းပတ် ၂ ပတ်အတွင်း ဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ရာသီဥတုပေါ် မူတည်ပြီး မေလ ၂၃ ရက် ဒါမှမဟုတ် ၂၅ ရက်ကျရင် နျူကလီယား လက်နက် စမ်းသပ်ရေး နေရာ ဖျက်သိမ်းမယ့် အခမ်းအနားကို ကျင်းပသွားမှာ ဖြစ်တယ်လို့ မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA က တရားဝင် ကြေညာသွားခဲ့ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကလည်း မြောက်ကိုရီးယားကို ကျေးဇူးတင်ကြောင်း ပြောပြီး ဒါဟာ သိပ်ကို ကောင်းမွန်သလို ယဉ်ကျေးပျူငှာတဲ့ အမူအရာ ဖြစ်တယ်လို့လည်း သူ့ရဲ့ တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။
အစောပိုင်းတုန်းက မြောက်ကိုရီးယားတို့ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ နိုင်ငံတကာ လေ့လာသူတွေအနေနဲ့ အဲဒီ့ဒေသကို လာရောက်လေ့လာနိုင်တယ်လို့ ပြောခဲ့ပေမယ့် အခု ထုတ်ပြန်ချက်မှာတော့ သတင်းသမားတွေကိုသာ လာရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီလို ဖျက်သိမ်းမယ့် နေရာမှာ ဥမင်လှိုင်ခေါင်းတွေကိုလည်း ဖောက်ခွဲ ဖျက်ဆီးသွားမှာ ဖြစ်သလို လေ့လာရေး နဲ့ သုတေသန လုပ်တဲ့ နေရာတွေ၊ အဆောက်အဉီးတွေကိုလည်းပိတ်သိမ်းသွားမယ်လို့ မြောက်ကိုရီးယားတို့က ပြောပါတယ်။
ပိတ်သိမ်းမယ့် အခမ်းအနားကိုတော့ သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မတွေ့ဆုံခင် သတင်းပတ် သုံးပတ်အလိုမှာ လုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။