ဆီးရီးယားကို အင်အားသုံး တုံ့ပြန်မယ်လို့ အမေရိကန်ပြော

ဆီးရီးယား နိုင်ငံ ဒူမာ မြို့မှာ ဓါတု လက်နက် နဲ့ အရပ်သား တွေကို တိုက်ခိုက် ခဲ့တဲ့ ဆီးရီးယား စစ်တပ်ကို အင်အားသုံး တုံ့ပြန်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဆီးရီးယားကို အရေးယူဖို့အတွက်ကိုလည်း မကြာခင်မှာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓါတု လက်နက် နဲ့ တိုက်ခိုက် တယ်ဆို တာ ထင်ရှားပါတယ်။ စနေနေ့ က ဒူမာ မှာ တိုက်ခိုက် ခဲ့သူတွေဟာ ဘယ်သူတွေလဲဆိုတာ သိသာထင်ရှားတဲ့ အချက်အလက်တွေကို ရထားပြီးပါပြီ။ မကြာခင်မှာ တုံ့ပြန်သွားမှာပါ။ အဲဒီ အထဲမှာ စစ်ရေးနဲ့ အရေးယူ တာတွေလည်း ပါဝင် နိုင်ပါတယ်လို့ သတင်းထောက် တွေရဲ့ မေးမြန်းချက်ကို သမ္မတ ဒေါ်နယ် ထရမ့် က ဖြေကြား ခဲ့ပါတယ်။

ဒီဓါတုလက်နက်နဲ့ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ ဧပြီလ ၉ ရက်နေ့က လုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးအတွင်း အမေရိကန်နဲ့ ရုရှ ကိုယ်စားလှယ် တို့ အပြန်အလှန် စွပ်စွဲ ပြစ်တင်တာတွေ လုပ်ခဲ့ကြပါတယ်။

ဆီးရီးယား နိုင်ငံ ဂူတာ အရှေ့ခြမ်း ဒူမာ ဒေသမှာ ဖြစ်တဲ့ ဓါတု လက်နက် နဲ့ တိုက်ခိုက်မှု ဆိုတာ အမေရိကန်ရဲ့ လုပ်ကြံ ဇာတ်လမ်းတွေ ဆိုပြီးတော့ ရုရှဘက် က ပြောဆို ခဲ့ပါတယ်။

ဒါ့အပြင် ဒီကိစ္စကို အခြေခံပြီး အမေရိကန်က စစ်ရေးနဲ့ တုံ့ပြန်မှုတွေလုပ်လာခဲ့မယ်ဆိုရင် သွေးမြေကျတဲ့ ဖြစ်ရပ်တွေ ပြန်ဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စကို မကျေလည်ရင် နိုင်ငံတကာ စစ်ဆေးရေးအဖွဲ့တွေက ဝင်ရောက် စစ်ဆေး နိုင်တယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆားဂေး လဗ်ရော့ဘ်က ပြောပါတယ်။

သူက ပွင့်ပွင့်လင်းလင်းပြောရင် ဆီးရီးယားအရေးနဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီ ကို ဥပဒေကြမ်းတစ်ခု တင်ပြထားပြီးသားဖြစ်ပြီး ဆီးရီးယား အစိုးရ ကိုယ်တိုင် ကလည်း ကျွမ်းကျင်သူတွေ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ထားပြီးသားပါလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းက ဒမတ်စကတ်မြို့ အရှေ့ခြမ်းက ဒူမာ ဒေသမှာ လူ ၅၀၀ ကနေ ၆၀၀ လောက်ဟာ အသက်ရှုကြပ်၊ အသားအရေတွေပြာနှမ်းတဲ့ဝေဒနာတွေ ခံစားခဲ့ရပြီး အဲဒီအထဲက လူ ၆၀ နီးပါးဟာ သေဆုံးခဲ့ကြရပါတယ်။

သေဆုံးခဲ့ကြသူ အများစုက အမျိုးသမီး နဲ့ ကလေးတွေ ဖြစ်ကြပါတယ်။

ဒီလို ဖြစ်ရတာဟာ ဆီးရီးယားသမ္မတ အာဆတ် အစိုး ရ ရဲ့ စစ်တပ်က ဓါတုလက်နက် နဲ့ တိုက်ခိုက်ခဲ့တာလို့ နိုင်ငံတကာက စွပ်စွဲပြောကြားခဲ့တာပါ။

ဆီးရီးယား အစိုးရဘက်ကတော့ ဒါဟာ အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ သူပုန်တွေ ရဲ့ လက်ချက်လို့ ပြောဆိုပြီး စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

ဒူမာဒေသက ဓါတုလက်နက်နဲ့ တိုက်ခိုက်မှုကို နိုင်ငံတကာကလည်း ပြစ်တင်ရှုတ်ချနေသလို့ အမေရိကန်ရဲ့ မဟာမိတ် ပြင်သစ်နဲ့ ယူကေတို့ကလည်း ဒီလူမဆန်တဲ့လုပ်ရပ်ကို ရှုတ်ချ ကြောင်း နဲ့ ပြင်းပြင်း ထန်ထန် တုံ့ပြန်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောကြားနေကြပါတယ်။