ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယား စစ်မျက်နှာ ၂ ခုကြောင့် လူသောင်းချီ ထွက်ပြေးနေ
ဆီးရီးယားနိုင်ငံက သူပုန်ထိန်းချုပ် နယ်မြေ အရှေ့ဂူတာကို အစိုးရ ထိုးစစ်ဆင်မှု နဲ့ နိုင်ငံမြောက်ပိုင်း အက်ဖရင်ဒေသက ကာ့ဒ် စစ်သွေးကြွတွေကို တူရကီက တိုက်ခိုက်မှုတွေကြောင့် လူ ၆ သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရပါတယ်။
ဆီးရီးယား နိုင်ငံပိုင် သတင်းဌာနတွေကလည်း အရှေ့ဂူတာ ဒေသက လူတွေ တောက်လျှောက် ထွက်ခွာလာတဲ့ ရုပ်သံ မှတ်တမ်းတွေကို ဖော်ပြခဲ့ပါတယ်။
ဒီဒေသအတွင်းက ဇမယ်ခါမြို့မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုလို ထွက်လာကြသူတွေ အယောက် သုံးဆယ်ထက် မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ ချီပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ စောင့်ကြည့်ရေး အဖွဲ့တွေက ပြောပါတယ်။
အရှေ့ဂူတာဒေသကို ရုရှားနောက်ခံပေးထားတဲ့ ဆီးရီးယား အစိုးရတပ်တွေက တလလောက် တိုက်ခိုက်နေရာမှာ ၇၀ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာလည်း လူတွေ သောင်းနဲ့ ချီပြီး ထပ်မံ ထွက်ပြေးခဲ့တယ်လို့ အခြေအနေ စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။
ဆီးရီးယားမြို့တော် ဒမတ်စကက် အနီးမှာရှိတဲ့ အရှေ့ဂူတာဒေသဟာ အမေရိကန်ရဲ့ ထောက်ပံ့မှု အဓိက ရထားတဲ့ သူပုန်အုပ်စုတွေရဲ့ အဓိက တပ်စွဲတဲ့ နေရာ တခုဖြစ်ပြီး အစိုးရရဲ့ တိုက်ခိုက်မှုကို အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားက အခုလို ဆက်ဖြစ်နေတာ ဖြစ်သလို သူပုန်တွေဘက်ကလည်း ဒမတ်စကက်မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒီဒေသက ထွက်ပြေးရသူ ငါးသောင်းလောက်အထိ ယာယီ နေရာချထားဖို့အတွက် အစီအမံတွေ ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပါတယ်။
ဆီးရီးယားမြောက်ပိုင်းက အက်ဖရင်ဒေသမှာတော့ တူရကီတပ်တွေက သူတို့ရဲ့ ဆီးရီးယား မဟာမိတ်အဖွဲ့တချို့နဲ့ ပူးပေါင်းပြီး ကာ့ဒ် စစ်သွေးကြွတွေရဲ့ ခံစစ်ကို ညလုံးပေါက် ဖြိုခွင်းဖို့ ကြိုးစားခဲ့ပြီး တိုက်ပွဲအတွင်း ဆေးရုံတရုံ ထိမှန်ခဲ့တဲ့အတွက် ၁၆ ဦး သေဆုံးခဲ့ပါတယ်။
ဒီတိုက်ပွဲတွေကြောင့် အက်ဖရင် ဒေသခံ ငါးသောင်းလောက် နီးစပ်ရာ ဒေသတွေကို ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်း ထုတ်ပြန်ထားပေမယ့် စောင့်ကြည့်ရေးအဖွဲ့တွေကတော့ ဒီထက် သုံးဆအထိ များနိုင်တယ်လို့ ဆိုပါတယ်။
တူရကီရဲ့ ဆီးရီးယား နယ်နမိတ်အတွင်း အခုလို ထိုးစစ်ဆင်မှုတွေကို နိုင်ငံတကာက ဝေဖန်နေပေမယ့် တူရကီ သမ္မတကတော့ သူ့နိုင်ငံဟာ နိုင်ငံတကာ ဥပဒေအတိုင်း လုပ်ဆောင်နေတာလို့ ကာကွယ် ပြောဆိုထားပါတယ်။
အက်ဖရင် ဒေသဟာ ကာ့ဒ်လူမျိုးတွေ အများစု နေထိုင်တဲ့ ဒေသဖြစ်ပြီး ဒီဒေသကို ထိန်းချုပ်တဲ့ ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး တပ်စု ဝိုင်ပီဂျီဟာ တူရကီ ပြည်တွင်းက ကာ့ဒ် သူပုန်တွေနဲ့ အဆက်အစပ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တွေလို့ တူရကီက စွပ်စွဲပြီး အခုလို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဝိုင်ပီဂျီ အုပ်စုဟာ အစ္စလာမ္မစ်နိုင်ငံ အုပ်စု အဖွဲ့ကို တိုက်ခိုက်မှုတွေမှာလည်း ပူးပေါင်း ပါဝင်ခဲ့တဲ့ အဓိက အဖွဲ့ဖြစ်ပြီး အမေရိကန်ရဲ့ ထောက်ပံ့မှု ရထားတာလည်း ဖြစ်ပါတယ်။
ဆီးရီးယားပြည်တွင်းက အခုလို စစ်ပွဲတွေကြောင့် လူပေါင်း ၆ သန်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးထားရပြီး နောက်ထပ် လူ ၅ သန်း ခွဲ ကျော်က ပြည်ပကို ထွက်ပြေးခဲ့ရသလို လူပေါင်း ၄ သိန်းလောက်အထိ သေဆုံး ဒါမှ မဟုတ် ပျောက်ဆုံးနေတယ်လို့ ခန့်မှန်းချက်တွေ ထုတ်ပြန်ထားပါတယ်။