တောင်နဲ့မြောက်ကိုရီးယား ထိပ်သီးချင်း တွေ့ဖို့ ရက်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, EPA
တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံရဲ့ ထိပ်သီး ခေါင်းဆောင် နှစ်ယောက်ဟာ ဆယ်စုနှစ် တခု ကျော် အကြာမှာ ပထမဆုံး အကြိမ် အဖြစ် မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ကို လာမယ့် ဧပြီ ၂၇ ရက်နေ့ မှာ တွေ့ဆုံမယ်လို့ ရက်သတ်မှတ်လိုက်ပါပြီ။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့ဟာ နှစ်နိုင်ငံ နယ်ခြားက ပန်မွန်ဂျွန်ရွာမှာ တွေ့ဆုံကြမယ်လို့ ပူးတွဲထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထိပ်သီးတွေ့ဆုံပွဲ အတွက် နှစ်ဖက် အရာရှိတွေ တွေ့ဆုံအပြီးမှာ အခုလို ရက် သတ်မှတ်နိုင်ခဲ့တာပါ။
မစ္စတာကင်မ်နဲ့ တရုတ် သမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံအပြီးမှာ အခုလို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။
ဘေဂျင်း တွေ့ဆုံပွဲမှာတုန်းက မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းမဲ့ရေး ထပ်လောင်း အာမခံခဲ့ပါတယ်။
သိပ်မကြာခင်တုန်းကလည်း ခေါင်းဆောင် ကင်မ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံလို ကြောင်း ထုတ်ပြောခဲ့ပြီး ဒါကို မစ္စတာ ထရမ့်က လက်ခံခဲ့လို့ အစောဆုံး လာမယ့် မေလထဲလောက်မှာ သူတို့ နှစ်ယောက် တွေ့ဆုံဖို့လည်း ရှိပါတယ်။
တောင်နဲ့မြောက် ထိပ်သီးခေါင်းဆောင်တွေ တွေ့ကြမယ့် နှစ်နိုင်ငံ နယ်ခြား တောင်ကိုရီးယား ဘက်ခြမ်းက ပန်မွန်ဂျွန်ရွာကို ငြိမ်းချမ်းရေး ရွာ အဖြစ် ခေါ်တွင်ကြသလို တွေ့မယ့် နေအိမ်ကိုလည်း ငြိမ်းချမ်းရေးစံအိမ်လို့ ညွှန်းဆိုလေ့ရှိပါတယ်။
လာမယ့် တွေ့ဆုံမှုဟာ ၁၉၅၃ ခု ကိုရီးယားပြည်တွင်းစစ်ပွဲ အပြီးမှာ တတိယအကြိမ်မြောက် နှစ်နိုင်ငံခေါင်းဆောင်တွေကြား မျက်နှာချင်းဆိုင် ဆွေးနွေးပွဲ ဖြစ်လာပါမယ်။
ဒီလို ထိပ်သီးချင်း တိုက်ရိုက် နောက်ဆုံး တွေ့ဆုံခဲ့ကြတာက ၂၀၀၇ ခုနှစ်တုန်းကပါ။ အဲဒီတုန်းက လက်ရှိ ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ဖခင်ဖြစ်သူ ကင်မ်ဂျုံအီးလ်နဲ့ အဲ့တုန်းက တောင်ကိုရီးယား သမ္မတ ရိုမူချန်တို့ မြောက်ကိုရီးယား မြို့တော် ပြုံယမ်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
နှစ်နိုင်ငံ ခေါင်းဆောင်ကြား ပထမဆုံး တွေ့ဆုံခဲ့ကြတာကတော့ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်က ပြုံယမ်းတွေ့ဆုံပွဲ ဖြစ်ပါတယ်။
အခုလို တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီးချင်း တွေ့ဆုံမယ့် ရက်သတ်မှတ်နိုင်ခဲ့တာက တောင်ကိုရီးယားမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို မြောက်ကိုရီးယား အဖွဲ့ စေလွှတ်ပြီးနောက်ပိုင်း ဆက်တိုက် ဖြစ်ပေါ်လာခဲ့တဲ့ နှစ်ဖက် သံတမန် ဆက်သွယ်ရေး တိုးတက်မှုတွေထဲက တခုလည်း ဖြစ်ပါတယ်။











