ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စင်္ကာပူက ကုမ္ပဏီ ၂ခု မြောက်ကိုရီးယားကို ဇိမ်ခံပစ္စည်းတွေ တင်ပို့လို့ ဆို
စင်္ကာပူအခြေစိုက် ကုမ္ပဏီ ၂ခုဟာ ကုလသမဂ္ဂရဲ့ပိတ်ပင်ချက်တွေကို ချိုးဖောက်ပြီးမြောက်ကိုရီးယားကို ဇိမ်ခံပစ္စည်းတွေ တင်သွင်းခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမူကြမ်းတခုက ဆိုပါတယ်။
အဆုံးသတ် အစီရင်ခံစာ ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကိုတင်သွင်းထားပြီး ခုသီတင်းပတ်အကုန်မှာ ထုတ်ပြန်သွားဖွယ်ရှိပါတယ်။
ပြစ်မှုကျူးလွန်တာတွေရှိမရှိ ခိုင်မာတဲ့ သတင်းအချက်အလက်တွေပေါ် မူတည်ပြီးတော့ စုံစမ်းစစ်ဆေးတာ တွေလုပ်ခဲ့တယ်လို့ စင်္ကာပူအစိုးရကပြောပါတယ်။
တားမြစ်ထားတဲ့ နျူကလီးယားစမ်းသပ်တာတွေ ပြုံယမ်းအစိုးရက ဆက်လက်လုပ်ဆောင်ခဲ့လို့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြောက်ကိုရီးယားအပေါ် ကမ္ဘာ့နိုင်ငံတွေက အရေးယူပိတ်ဆို့တာတွေကို တင်းတင်းကျပ်ကျပ် ချမှတ်ထားခဲ့တာပါ။
အခုလတ်တလောမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံစကားပြောဖို့ရှိတာနဲ့အတူ ဖြစ်ပေါ်တိုးတက်တာတွေရှိနေပေမဲ့ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။
ကုလသမဂ္ဂ ရော စင်္ကာပူ နိုင်ငံကပါ မြောက်ကိုရီးယားကိုအဆင့်မြင့်ဇိမ်ခံပစ္စည်းတွေ တင်သွင်း ရောင်းချခွင့်ကို ပိတ်ပင်ထားတာပါ။
အခုအစီရင်ခံအကြမ်းမှာ အဖျော်ယမကာ နဲ့ ဝိုင်အပါဝင် ဇိမ်ခံပစ္စည်းအချို့ကို တင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုစုံစမ်းစစ်ဆေးခံရတဲ့ ကုမ္ပဏီ ၂ ခုကတော့ OCN နဲ့ T Specialist ကုမ္ပဏီတို့ဖြစ်ပြီး အဲ့ဒီကုမ္ပဏီတွေက ဒါရိုက်တာ တယောက်တည်းရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မိတ်ဖက် ကုမ္ပဏီတွေဖြစ်ပါတယ်။
ကုမ္ပဏီ ၂ခုလုံးကတော့ အမှားအယွင်းတစုံတရာလုပ်ထားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။