ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘယ်အချိန် ဘယ်မှာ ဆုံမလဲ မသတ်မှတ်ရသေး
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမယ့် နေရာနဲ့ အချိန်ကို အတိအကျ မသတ်မှတ်ရသေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
မြောက်ကိုရီးယား ဖက်က နျူကလီးယား အစီအစဉ်ကို အဆုံးသတ်မယ့် ခိုင်မာတဲ့ ခြေလှမ်းတွေ မပြမချင်း တွေ့ဆုံမှုက ဖြစ်လာအုံးမှာ မဟုတ်သေးဘူးလို့ အိမ်ဖြူတော် ပြောခွင့်ရ အမျိုးသမီး Sarah Huckabee Sanders က ပြောပါတယ်။
အမေရိကန် ဒုသမ္မတMike Pence ကတော့ မြောက်ကိုရီးယားအပေါ် ဖိအားတိုးပေးဖို့ထားရှိတဲ့ အမေရိကန်ရဲ့ ဗျူဟာ ထိရောက်ကြောင်း ဒီတွေ့ဆုံဖို့ ကြိုးပမ်းမှုက သက်သေပြနေတယ်လို့ အစောပိုင်းတုန်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၄နာရီအတွင်း တွေ့မြင်ရတဲ့ အခြေအနေအတိုင်း ၊ လွန်ခဲ့တဲ့ တနှစ်အတွင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ချမှတ်အကောင်အထည်ဖော်တဲ့ မူဝါဒတွေ ဘယ်လောက် အောင်မြင်သလဲ ဆိုတာ ပြလိုက်တာဘဲလို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ရက်စ် တေလာဆင် ကပြောပါတယ်။
အရင်က မျှော်လင့်ထားခြင်း မရှိတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတ တို့ရဲ့တွေ့ဆုံမှုဟာ မေလလောက်မှာ ဖြစ်လာလိမ့်မယ်လို့ ယူဆနေကြပါတယ်။