ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စပိန်မှာ လူနည်းစု အစိုးရ ဖွဲ့ဖို့ အတိုက်အခံ သဘောတူ
စပိန် နိုင်ငံရေး အခြေအနေဟာ ၁ဝ လတာလောက် ရှေ့မတိုး နောက်မဆုတ် ဖြစ်နေရတဲ့ အခြေအနေ ကနေ အခုတော့ လွန်မြောက် လာပြီး မာရီယာနို ရက်ခ်ဟွိုင်း ကို ဝန်ကြီးချုပ် အဖြစ် အတည် ပြုနိုင်ဖို့ လမ်းစ ပေါ် လာပါတယ်။
အတိုက်အခံ ဆိုရှယ်လစ်ပါတီက မစ္စတာ ရက်ခ်ဟွိုင်း ဦးဆောင်ပြီး အစိုးရ ဖွဲ့ခွင့်ကို စပိန် ပါလီမန်ထဲ ဗီတို အာဏာသုံး တားမြစ် ထားတာကနေ အဲဒီ့ ဗီတို အာဏာကို ရုတ်သိမ်းဖို့ ဆုံးဖြတ် လိုက်ပြီ ဖြစ်ပါတယ်။
မစ္စတာ ရက်ခ်ဟွိုင်း ဦးဆောင်တဲ့ ရှေးရိုးစွဲ ဗဟိုလက်ျာ ပါတီ ဖြစ်တဲ့ ပေါ်ပြူလာ ပါတီက ပြီးခဲ့တဲ့ ဇွန်လနဲ့ အရင်နှစ် ဒီဇင်ဘာလ ရွေးကောက်ပွဲ တွေမှာ အနိုင် ရခဲ့ပေမယ့် ပါလီမန် နေရာ ထက်ဝက် မရရှိ နိုင်ခဲ့ပါဘူး။
ဆိုရှယ်လစ် ပါတီ က ပေါ်ပြူလာ ပါတီနဲ့ တွဲပြီးတော့လည်း ညွန့်ပေါင်း အစိုးရ မဖွဲ့၊ ပေါ်ပြူလာ ပါတီ သီးသန့် အစိုးရ ဖွဲ့ဖို့ကိုလည်း ပါလီမန်ထဲ ကနေ တဆင့် တားဆီး ထားတဲ့ အတွက် မစ္စတာ ရက်ခ်ဟွိုင်း ဟာ ယာယီ ဝန်ကြီးချုပ် အဖြစ်နဲ့သာ ရှိနေ ခဲ့ရပါတယ်။
အခုတော့ ဆိုရှယ်လစ် ပါတီက သူတို့ ရပ်တည်မှုကို ပြောင်းလဲ လာတဲ့ အတွက် မစ္စတာ ရက်ခ်ဟွိုင်း ဟာ လူနည်းစု အစိုးရ လို့ ခေါ်တဲ့ ပါလီမန် နေရာ တစ်ဝက် မရှိပဲ ဖွဲ့စည်းတဲ့ အစိုးရ တစ်ရပ်ကို လာမယ့် နိုဝင်ဘာ လ အစောပိုင်းမှာ ဖွဲ့စည်း လာမယ်လို့ မျှော်လင့် ရပါတယ်။