ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မနီလာမြို့မှာ အမေရိကန် ဆန္ဒပြသူတွေကြား ရဲကား ဝင်ရောက်ဖြိုခွဲ
ဖိလစ်ပိုင် နိုင်ငံ၊ မနီလာမြို့က အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြကြတဲ့ လူအုပ်ထဲကို ရဲကား တစ်စီး ဖြတ်မောင်းပြီး ဖြိုခွင်းခဲ့တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ပါတယ်။
လူအုပ်ထဲ ဝင်လာတဲ့ ရဲကားကို ဆန္ဒပြသူတွေက ရဲတွေဆီက လုယူထားတဲ့ နံပါတ်တုတ်တွေနဲ့ ပြန်ရိုက်ခဲ့ကြပြီး၊ ရဲကားကလည်း လူတွေကြားထဲ ရှေ့တိုးနောက်ဆုတ် အကြိမ်ကြိမ် လုပ်ခဲ့တာကို ရုပ်သံ မှတ်တမ်းထဲမှာ တွေ့ရပါတယ်။
ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အမေရိကန် စစ်တပ် ဖိလစ်ပိုင် နိုင်ငံမှာ ရှိနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒ ပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေက ရဲတွေ တားထားတဲ့ စည်းကို ချိုးဖောက် ဝင်ရောက်တဲ့အတွက် ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်အတွင်း ၃ ဦး ဒဏ်ရာရပြီး၊ ၂၃ ယောက်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။
အခု ကိစ္စ ပေါ်ပေါက်ချိန်မှာ ဖိလစ်ပိုင် သမ္မတ ဒူတာတေး ကတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြန်တည်ဆောက်ဖို့ ဘေဂျင်းမှာ ရောက်ရှိနေချိန် ဖြစ်ပါတယ်။
ကာလကြာရှည် ဆက်ဆံရေး နီးကပ်ခဲ့တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် ဆက်ဆံရေးဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်း သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အစီအစဉ်တွေကြောင့် အဖုအထစ်တွေ ရှိခဲ့ပါတယ်။
လူ ၂၃၀၀ သေဆုံးခဲ့တဲ့ အဲဒီ မူးယစ်ဆေး နှိမ်နင်းရေး အစီအစဉ်တွေကို အမေရိကန်က မေးခွန်းထုတ်ခဲ့တာပါ။
ဒါကို တုံ့ပြန်တဲ့ အနေနဲ့ မစ္စတာ ဒူတာတေးက သမ္မတ အိုဘားမားနဲ့ ဖိလစ်ပိုင် ဆိုင်ရာ အမေရိကန် သံအမတ် တို့ကို စော်ကားတဲ့ စကားလုံးတွေနဲ့ ပြောဆို ခဲ့ပါတယ်။