မန်စီးတီး ချန်ပီယံ ဖလား ဆွတ်ခူး

ဓာတ်ပုံ ရင်းမြစ်, Getty
ပရီးမီးယားလိဂ် နောက်ဆုံးနေ့ပွဲစဉ်တွေ မေလ ၁၁ ရက် တနင်္ဂနွေနေ့ ယူကေ စံတော်ချိန် ညနေ ၃ နာရီမှာ တပြိုင်တည်း စကစားပါတယ်။
ဇယားထိပ်မှာ ပြေးနေတဲ့ မန်စီးတီးက လန်ဒန်က ဝက်စဟမ်းအသင်းနဲ့ အိမ်ကွင်းမှာ ကစားရပါတယ်။
မန်စီးတီးက ဒီပွဲမကစားခင်အထိ ဒုတိယနေရာက လစ်ဗာပူးလ်နဲ့ နှစ်မှတ်ကွာနေပြီး ဂိုးကွာခြားမှုမှာလည်း အပြတ်သာနေတာမို့ ဒီပွဲမှာ သရေကျပြီး တမှတ်ရရင်တောင် ဂိုးအသာနဲ့ ဗိုလ်စွဲမှာပါ။
တကယ်တန်း ကစားတော့ မန်စီးတီးက နာဆာရီ၊ ကုမ်ပနီတို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်နိုင်ခဲ့ပါတယ်။
လစ်ဗာပူးလ်ကတော့ နယူးကတ်ဆယ်နဲ့ ကစားရတာမှာ တစ်ဂိုး အရင်ပေးလိုက်ရပါတယ်။ ဒုတိယပိုင်းကျမှ သူတို့ရဲ့ ဂိုးသွင်းစက်တွေဖြစ်ကြတဲ့ ဆွာရက်စ်နဲ့ စတားရစ်ချ်တို့က နှစ်ဂိုးပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် မန်စီတီးကလည်း ဟိုဖက်မှာ နိုင်လိုက်လို့ ချန်ပီယံဖလားကိုတော့ မန်စီတီးပဲ ထိုက်ထိုက်တန်တန် ရယူသွားပါတော့တယ်။
ဒီနှစ် ရာသီအပြီးမှာ မန်စီးတီးက စုစုပေါင်း အမှတ် ၈၆ မှတ်၊ ဂိုးအသာ ၆၅ ဂိုး ရခဲ့ပြီး လစ်ဗာပူးလ်ကတော့ ၈၄ မှတ်နဲ့ ဂိုးအသာ ၅၁ ဂိုးနဲ့ ဘောလုံးရာသီကို အဆုံးသတ်ခဲ့ကြတာပါ။
ချယ်လ်ဆီး၊ အာဆင်နယ်

နောက်ဆုံးနေ့ပွဲတွေမှာ ချယ်လ်ဆီးက တန်းဆင်းရပြီး ဖြစ်နေတဲ့ ကားဒစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး တတိယနေရာနဲ့ ကြေနပ်လိုက်ရပါတယ်။ သူရခဲ့တဲ့ စုစုပေါင်း အမှတ်က ၈၂ မှတ်ပါ။
စတုတ္ထနေရာရသွားတဲ့ အာဆင်နယ်ကတော့ နောရစ်ချ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ပါတယ်။
ဟားလ်ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ အဲဗာတန်ကတော့ နံပတ်ငါးနေရာ ရပါတယ်။ သူ့နောက်မှာတော့ တော့တင်ဟန် ဟော့စပါးစ်က နံပတ် ၆၊ ဒီနှစ်မှာ ခြေပျက်လှတဲ့ မနှစ်က ချန်ပီယံ မန်ယူကတော့ ဖလားတခုမှလည်းမရ ဥရောပပွဲတွေနဲ့လည်း လာမယ့် နှစ်မှာ ဝေးလို့ နံပတ် ၇ နေရာနဲ့ပဲ ကြေနပ်လိုက်ရပါတယ်။ နောက်ဆုံးနေ့ပွဲစဉ်မှာလည်း ဆောက်သမ်ပတန်ကို တစ်ဂိုးစီ သရေပဲ ကစားသွားနိုင်ခဲ့ပါတယ်။
နောရစ်ချ်၊ ဖူလ်ဟမ် နဲ့ ကားဒစ်တို့ကတော့ အောက်တန်းဆင်းသွားကြရပြီ ဖြစ်ပါတယ်။
ဒီနှစ် ဘောလုံးရာသီအတွက် ဂိုးအများဆုံးသွင်းသူဆုတွေကိုတော့ လစ်ဗာပူးလ်က တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆွာရက်စ်က ၃၁ ဂိုးနဲ့ ပထမ၊ စတားရစ်ချ်က ၂၁ ဂိုးနဲ့ ဒုတိယရပါတယ်၊ သူတို့နောက်မှာတော့ မန်စီးတီးက ယာယာတိုရေက ၂၀ ဂိုး၊ မန်စီးတီးကပဲ အဂွားရိုးက ၁၇ ဂိုး၊ မန်ယူက ဝိန်းရူနီက ၁၇ ဂိုး အသီးသီး သွင်းခဲ့ကြပါတယ်။








