ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အင်းစိန်က တစ်အိမ်တည်းနေသူ ၁၂ ဦးမှာ ပိုးထပ်တွေ့
အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရပ်ကွက် ခဝဲခြံ ၂ လမ်းရှိ တစ်အိမ်တည်း နေထိုင်သူ ၁၂ ဦးစလုံးမှာ ကိုရိုနာရောဂါပိုး တွေ့ရှိခဲ့တာဖြစ်တယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကို အတည်ပြုပါတယ်။
ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ အမှတ် ၁၅၂, ၁၅၃, ၁၅၄ တို့ နဲ့ ဆက်စပ်သူ ၁၄ ဦးကို ကွာရန်တင်းစင်တာကို ပို့ဆောင်စစ်ဆေးခဲ့ရာမှာ မတ်လ ၇ ရက်နေ့ က အစိုးရထုတ်ပြန်တဲ့ လူနာအမှတ် ၁၆၅ ကနေ လူနာအမှတ် ၁၇၆ အထိ စုစုပေါင်း ၁၂ ဦး ရောဂါပိုးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
သူတို့ဟာ မိသားစုဝင်တွေ ဖြစ်ပြီး အဲဒီမိသားစုဝင်တွေအားလုံးဟာ အနောက်ကြို့ကုန်း ခဝဲခြံ ၂ လမ်း မှာ နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို မေလ ၄ရက်နေ့ ကတည်းက Quarantine Center ကွာရန်တင်းစင်တာ ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်းနဲ့ လမ်းကိုလည်း Lock Down ချထားပြီးဖြစ်တယ်လို့လည်း သူက ဘီဘီစီကို ရှင်းပြပါတယ်။
မေလ ၇ ရက်နေ့ မနက် ၇ နာ ရီကလည်း အင်းစိန်က လူနာအမှတ် ၁၆၂ တစ်ဦးထပ်တွေ့ခဲပါသေးတယ်။ သူဟာလည်း အနောက်ကြို့ကုန်းရပ်ကွက် ခဝဲခြံ ၂ လမ်း နေထိုင်သူဖြစ်ပါတယ်။
အစိုးရက တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ ၁၇၆ ဦး အထိ ရှိလာပြီဖြစ်ပြီး အင်းစိန် မြို့နယ်မှာ ရောဂါပိုးတွေ့သူ ၄၂ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။