အင်းစိန်စစ်တမ်းအပြီး ၃ ဦးကို ဆေးရုံ နဲ့ ၁၆ ဦး ကို ကွာရန်တင်းစင်တာပို့

ကိုဗစ်ကာလ ပထမဆုံး ကျန်းမာရေးစစ်တမ်း အဖြစ် အင်းစိန်မြို့နယ်မှာ မေလ ၆ ရက်နေ့က လူ ငါးသောင်းနီးပါးကို နေ့ချင်းပြီး စစ်တမ်း ကောက်ယူခဲ့ပြီး လူ ၃ ဦးကို အင်းစိန်ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ကုသမှုပေးခဲ့တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကြို့ကုန်းအရှေ့ရပ်ကွက်က ၅ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက် ၆ ဦး၊ ရွာမအရှေ့ရပ်ကွက် ၁ဦး၊ တောင်သူကုန်းရပ်ကွက် ၄ ဦး စုစုပေါင်း ၁၆ ဦး ကို လှိုင် ကွာရန်တင်းစင်တာ ကို ပိုခဲ့တယ်လို့လည်းသူ ကပြောပါတယ်။

ဒီစစ်တမ်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က အစီအစဥ်နဲ့ ကောက်ယူခဲ့တာဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

အင်းစိန်မြို့နယ်ဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိမှု အများဆုံးမြို့နယ်ဖြစ်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အင်းစိန်မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူများတဲ့ ကြို့ကုန်းအရှေ့ရပ်ကွက်၊တောင်သူကုန်းရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်နဲ့ ရွာမအရှေ့ရပ်ကွက်တွေကို ကျန်းမာရေးစစ်တမ်း ကောက်ယူမှုစီမံချက် ရေးဆွဲအကောင်အထည်ဖော်ခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလော ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေ အရ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိ သူ အရေအတွက် ၁၆၁ ဦးမှာ အင်းစိန် က ၂၉ ဦးနဲ့ အများဆုံးတွေ့ရှိထားတာဖြစ်ပါတယ်။

"လူနာ အမှတ် ၁၆၁ ကတော့ အင်းစိန်လိပ်စာ ပေးထားပေမယ့်လည်း သူကို အင်းစိန်က လို့ အတည်မပြုနိုင်သေးဘူး ၊သူပါရင် တော့ အင်းစိန် ကပိုးတွေ့ သူအရေ အတွက် က ၃၀ ဖြစ်ပါတယ် "လို့လည်း ဦးဝေဖြိုးဟန်ကပြောပါတယ်။

စစ်တမ်းအပြီးဆေးရုံပို့တဲ့ ၃ ဦးကတော့ စစ်တမ်းကောက်ယူစဥ်မှာ ထူးခြားတဲ့ လက္ခဏာ တွေတွေ့ရလို့ဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

အင်းစိန်ဆေးရုံပို့တဲ့ ၃ ဦးကတော့ ဆေးရုံ က တို့ဖတ်နမူနာ ယူပြီးဓာတ်ခွဲ ပါလိမ့်မယ်၊ ကွာရန်တင်းဝင်သူတွေ ကို တော့ တို့ဖတ်နမူနာ ယူပြီး ဓာတ်ခွဲ အဖြေထွက်ရင် သူတို့ကို ပြန်ခိုင်းမှာပါလို့လည်း ဦးဝေဖြိုးဟန်က ရှင်းပြပါတယ်။

အင်းစိန်စစ်တမ်း ကောက်ယူရာမှာ ချောင်းဆိုးတာ ၊ ဖျားနာတာ ၊ မောပန်းတာ ၊ အသက်ရှူရခက်တာ၊ လည်ချောင်းနာတာ ၊ အနံ့အရသာပျောက်တာ ၊ ခေါင်းကိုက်တာ ၊ ကြွက်သားအလွန်နာကျင်တာ၊ ချမ်းတုန်တာ စတဲ့ ကိုရိုနာဗိုင်းရပ်စ်လက္ခဏာတွေကို အိမ်ပေါက်စေ့ လိုက်လံစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အနီအောက် ရောင်ခြည်သုံး ကိုယ်အပူချိန်တိုင်းစက်တပ်ထားတဲ့အပူချိန်တိုင်း မော်တော်ယာဉ် ၂စီးကို ကြို့ကုန်းအရှေ့နဲ့ ကြို့ကုန်းအနောက် ရပ်ကွက် ရှိနေရာ နှစ်ခုကိုစေလွှတ်ပြီး အနီးစပ်ဆုံးရပ်ကွက်နေသူတွေကို အပူချိန်တိုင်းတာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

"ရပ်ကွတ် လူကြီးတွေပါတယ် ၊ကျန်းမာရေးက လူတွေက PPEတွေနဲ့ ၆ ယောက် လောက်ပါတယ်၊ လူတိုင်းကို အိမ်ထဲလာပြီး အဖျားတိုင်းတယ်၊ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေကိုမေးတယ် လူတိုင်းကို စစ်တယ် "လို့ ရွာမအရှေ့ရပ်ကွက်မှာနေတဲ့ ကိုပြည်သိဏ်း ကပြောပါတယ်။

အခုဆေးရုံကို ပို့လိုက်တဲ့ လူ ၃ ဦးဟာ ကိုရိုနာ ရောဂါ အတည်ပြုလူနာတွေနဲ့ ဆက်စပ်မှု မရှိဘဲ သီးခြားစီ ဖြစ်တယ်လို့လည်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်ကပြောပါတယ်။

အင်းစိန် ကျန်းမာရေးစစ်တမ်း ကောက်ယူရာမှာ ရပ်ကွတ် ၄ ခုက စုစုပေါင်း အိမ်ခြေ တစ်သောင်းကျော် လူဦးရေ စုစုပေါင်း ၄၇၆၅၃ ဦးကို ကျန်းမာရေးစစ်တမ်း ကောက်ယူနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၂% ကောက်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အင်းစိန် ကျန်းမာရေးစစ်တမ်းကောက်ယူရာမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းအင်အား ၂၅၀ ဦး၊ ခရိုင်နဲ့ တိုင်း ကြီးကြပ် ၃၀ ဦး၊ မြို့နယ် ကိုဗစ် လုပ်ငန်းကော်မတီက ၁၀ ဦး၊ စေတနာ့ဝန်ထမ်းတွေနဲ့ မြို့နယ်ကြက်ခြေနီ၊ မီးသတ်၊ ရပ်ကွက်အုပ်‌ချုပ်ရေးအဖွဲ့ ၄၅၀ ကျော် အပါဝင် စုစုပေါင်း လူအင်အား ၇၀၀ ကျော် ၊ အဖွဲ့ပေါင်း ၁၆၀ ကျော် ဖွဲ့ကာ မေလ ၆ရက် မနက် ၇နာရီ က စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အင်းစိန်မြို့နယ် အနောက်ကြို့ကုန်း ခဝဲခြံ(၂)လမ်းက အရင် ရက်ပိုင်းက ပိုးတွေ့ရှိခဲ့သူ Case (၁၅၁)ရဲ့ အဆက်အဖြစ် ကွယ်ကဘော ပုဂ္ဂလိကဆေးရုံမှာ သူနာပြု တာဝန်ထမ်းဆောင်ခဲ့သူ ၃ ဦး မေလ ၄ရက်နေ့က ပိုးထပ်မံတွေ့ရှိခဲ့ လို့ ညတွင်ချင်း အဲဒီ ဆေးရုံ ကို အသွားအလာ ပိတ်ပင် Lock Down ချ အစီအမံများပြုလုပ်ခဲ့ပါတယ်။

မေလ ၆ ရက်နေ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ည ၈ နာရီအထိ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိ ဘဲ မြန်မာနိုင်ငံမှာ ရောဂါဓာတ်ခွဲ ကိုဗစ် ၁၉ ရောဂါ အတည်ပြုလူနာ ၁၆၁ ဦးရှိပြီ လို့ထုတ်ပြန်ထားပါတယ်။