ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လူနာအမှတ် ၁၆၁ နောက်ဆုံးဘယ်ကိုသွားခဲ့တာလဲ
အသက် ၆၂ နှစ်ရှိ အရွယ်ရှိ အမျိုးသားတစ်ဦးကို လူနာအမှတ်စဉ် ၁၆၁ အဖြစ် ပိုးတွေ့ရှိကြောင်း မေ ၄ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာတဲ့ အထိ ဘယ်နေရာမှာ နောက်ဆုံးနေထိုင်ခဲ့ သလဲ ဆိုတာကို အတည်မပြုနိုင်တဲ့အတွက် မြို့နယ် ၃ ခုအထိ လိုက်လံစုံစမ်းခဲ့ရတယ်လို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေက ဘီဘီစီကို ပြောပါတယ်။
အင်းစိန်မြို့နယ်မှာ နေထိုင်သူအဖြစ် ကျန်းမာရေးဝန်ကြီး ဌာနက ကနဦးတုန်းက ထုတ်ပြန်ခဲ့ပေမယ့် အင်းစိန်မြို့ နယ်အတွင်း လိုက်လံရှာဖွေရှာမှာလည်း နေထိုင်ခြင်းမရှိတာ နှစ်နဲ့ချီကြာနေပြီ ဖြစ်ပြီး ဒလမြို့နယ်ကလို့ သတင်းတွေထပ်မံထွက်ပေါ်လာခဲ့ပါတယ်။
အင်းစိန်၊ ဒလ၊ ကျောက်တန်း မြို့နယ် ၃ခုမှာ လိုက်လံစုံစမ်းခဲ့ရသူ
' ' အင်းစိန်မြို့နယ်ကလို့ ကျန်းမာရေးက စာရင်းထွက်လာတော့ ကျွန်တော်တို့မြို့နယ်က စောင့်ကြည့် လူနာစာရင်းက လူတွေနဲ့ တိုက်ကြည့်တော့လည်း မတွေ့ဘူး။ ပေးထားတဲ့လိပ်စာအတိုင်းရှာတော့လည်း သူ့မိဘ လိပ်စာပေါ့နော်။ အဲဒီမှာ လူနာရဲ့ညီမဖြစ်သူနေတာကိုတွေ့တယ်။ ဒါပေမယ့် လူနာက အဲဒီမှာ မနေတာ ၁၅နှစ်လောက်ရှိပြီလို့ သိရတယ်'' လို့ အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဦးဝေဖြိုးဟန်က ဘီဘီစီကိုရှင်းပြပါတယ်။
ကျန်းမာရေးဌာနက လူနာကို မေးမြန်းချက်တွေအရ လူနာအမှတ် ၁၆၁ ရဲ့မိသားစုဝင်တွေဟာ ဒလမြို့ နယ်မှာ နေထိုင်တယ်လို့ ဆိုတဲ့အတွက် ဒလမြို့နယ် လွှတ်တော်အမတ်တွေနဲ့ ကျန်းမာရေးက တာဝန်ရှိ သူတွေဟာ လိပ်စာပါအတိုင်းသွားရောက်စုံစမ်းခဲ့ကြတယ်လို့ဆိုပါတယ်။
ဒလမြို့နယ်မှာ လူနာရဲ့သားသမီးတွေရှိတာမှန်ပေမယ့် လူနာဖြစ်သူဟာ သားသမီးတွေထံ မလာတာ ၂နှစ်ခန့်ရှိပြီလို့ မြို့နေလူထုရဲ့စိုးရိမ်ပူပန်နေတဲ့အပေါ် ဒလမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ စိန်မြအေးက ပြန်လည်ရှင်းလင်းထားပါတယ်။
လူနာအမှတ် ၁၆၁ ဟာ ကျောက်တန်းမြို့နယ်ထဲက ပီလခတ်ဟိန္ဒူဘုရားကျောင်းကို သင်္ကြန်ကာလမှာ သွားရောက်နေထိုင်ခဲ့တယ်လို့ ထပ်မံဆိုခဲ့ပါတယ်။
ပီလခတ် ဟိန္ဒူဘုရားကျောင်းကို လော့ခ်ဒေါင်းချ
လူနာသွားရောက်ခဲ့တယ်လို့ ပြောတဲ့ ပီလခတ်ကျေးရွာကို သက်ဆိုင်ရာ အဖွဲ့စုံက သွားရောက်စုံစမ်းရာမှာတော့ ဘုရားကျောင်း ဂေါပကအဖွဲ့က ဘုရားကျောင်းကို မတ် ၂၈ ရက်ကတည်းက အသွားအလာ ကန့်သတ်ထား ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ ကျောက်တန်းမြို့နယ် လွှတ်တော်အမတ် ဒေါ်သက်သက်မူက ဘီဘီစီကိုပြောပါတယ်။
'' မနေ့ညက ကျန်းမာရေးကလူတွေလည်း အဲဒီကို သွားကြတယ်။ ဘုရားကျောင်းကတော့ ပိတ်ထားတာကြာပြီဖြစ်သလို အဲသလို လူနေတာဘာညာ မရှိဘူးလို့ ပြောတယ်။ သူတို့အနေနဲ့ ကတော့ လူနာနဲ့ပတ်သက်ပြီး သိရှိတာမျိုးမရှိဘူးလို့ပြောတယ်။''လို့ ဒေါ်သက်သက်မူက ဘုရားကျောင်းဘက်က တုံ့ပြန်တဲ့အပေါ်ပြန်လည်ပြောပြပါတယ်။
ဒါပေမယ့် ဒီကနေ့ မေ ၆ ရက်နေ့ မှာတော့ လူနာအမှတ် ၁၆၁ နောက်ဆုံးသွားခဲ့တယ်လို့ ပြောဆိုခဲ့တဲ့ ပီလခတ်ဘုရားကျောင်းနဲ့အတူ ဘုရားကျောင်းတည်ရှိရာ ကျေးရွာကို လော့ခ်ဒေါင်းချဖို့ ဒီကနေ့ မနက် အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာမို့မို့ခိုင်က ဘီဘီစီကို မေ ၆ ရက်နေ့မနက်ပိုင်းကပြောပါတယ်။
' ' လူနာကလည်း သွားခဲ့တယ်လို့ ခိုင်ခိုင်မာမာပြောတယ်။ ရောဂါရဲ့အခြေအနေနဲ့ အားလုံးစဉ်းစားဆုံးဖြတ် ပြီးတော့ ဘုရားကျောင်းကို လော့ခ်ဒေါင်းချလိုက်တာပါ။ ရွာကတော့ အိမ်ခြေ နည်းနည်းပဲရှိတယ်။ ဘုရားကျောင်းကဂေါပကတွေကတော့ ဘုရားကျောင်းထဲမှာပဲ လော့ခ်ဒေါင်းအနေနဲ့ရှိမှာပေါ့။''
' 'တခုတော့ရှိတာက တခြားနေရာတွေက မိသားစုဝင်တွေမှာရှိတော့ လုံးဝမလာဘူးဆိုတာပြောနိုင်တယ်။ ဘုရားကျောင်းကတော့ ဧည့်သွားဧည့်လာသွားနိုင်တဲ့နေရာမျိုးဆိုတော့ အတိအကျ မသိသော်လည်း သူပြောတဲ့စကားထဲမှာပါလာတော့ ဆန်းစစ်ပြီး လုပ်ရတာပါ။ ဒါက ယုံကြည်မှုနဲ့လာတာရှိတယ်ဆိုတော့ တခြားလူအဝင်အထွက်ရှိမှာစိုးလို့ စောင့်ကြည့်တဲ့ကာလအနေနဲ့ သတ်မှတ်လိုက်တာပါ။''
လို့ လော့ခ်ဒေါင်းချရတဲ့အခြေနေနဲ့ပတ်သက်ပြီး ဒေါက်တာမို့မို့ခိုင်ကရှင်းပြပါတယ်။
နေထိုင်ရာအရပ်မသေချာမှုတွေကြား စိုးရိမ်မှုတွေမြှင့်တက်ခဲ့ရတဲ့မြို့နယ်တွေ
လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ်မှာနေထိုင်သူအဖြစ် စာရင်းထွက်လာတဲ့အတွက် ပိုးတွေ့ လူနာအများစုရှိရာ မြို့နယ်လည်းဖြစ်တာကြောင့် အင်းစိန်မြို့နယ်နေပြည်သူတွေအတွက် စိုးရိမ်ပူပန် မှုတွေတိုးမြှင့်ခဲ့တာတွေလည်းရှိခဲ့တယ်လို့ အင်းစိန်မြို့နယ်နေသူအချို့ကပြောပါတယ်။
အလားတူ ဒလမြို့နယ်မှာနေထိုင်သူဖြစ်တယ်လို့ ပြောဆိုတာတွေရှိလာချိန်မှာလည်း ဒလမြို့နယ်မှာ ပထမဆုံးပိုးတွေ့လူနာရှိလာပြီဆိုပြီး ဒလမြို့နယ်နေထိုင်သူတွေကြား အချင်းချင်းသတိပေး ပြောဆိုတာတွေ စိုးရိမ်တာတွေလည်းရှိခဲ့ကြတယ်လို့ ဒလမြို့နယ်မှာနေထိုင်သူတွေကပြောပါတယ်။
မေ ၆ ရက်နေ့စာရင်းအထိ နောက်ဆုံးတွေ့ရှိရသူအဖြစ်ရှိနေတဲ့ လူနာအမှတ် ၁၆၁ ဟာ အင်းစိန်မြို့နယ် အဖြစ် ဖော်ပြခဲ့ပေမယ့် ဘယ်မြို့နယ်မှာအခြေချနေထိုင်သူဖြစ်တယ်ဆိုတာကိုတော့ မသိရဘူးလို့ အင်းစိန်၊ ဒလနဲ့ ကျောက်တန်းမြို့နယ်တွေက လွှတ်တော်ကိုယ်စားလှယ်အသီးသီးကပြောပါတယ်။
အသက် ၆၂နှစ်ရှိ လူနာအမှတ် ၁၆၁ ဟာ ရန်ကုန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ မိတ်ဆွေတစ်ဦးကို လူနာစောင့်အဖြစ် သွားရောက်စောင့်ပေးခဲ့ပါတယ်။
အဆိုပါလူနာဆေးရုံတက်ရောက်ရာအခန်းမှ အတည်ပြုလူနာတစ်ဦးကို တွေ့ရှိခဲ့ရတဲ့အတွက် အခန်းမှ လူနာနဲ့လူနာစောင့်အားလုံးကို အသွားအလာကန့်သတ်စောင့်ကြည့်ခဲ့ရာက ပိုးတွေ့လူနာ ၁၆၁အဖြစ် အတည်ပြုသတ်မှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။