ကိုရိုနာဗိုင်းရပ်စ် နှစ်ခါပြန်ကူးနိုင်သလား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတချို့ ပြန်ကောင်းသွားပြီး ပိုးမတွေ့ရတော့ဘူးလို့ စစ်ဆေးပြီးတာတောင်မှ နောက်ပိုင်းမှာ ပိုးပြန်တွေ့တာတွေ ဖြစ်လာနေပါတယ်။ ပုံမှန်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ဟာ သာမန်အဖျားရောဂါလိုပဲ ရောဂါဖြစ်သူမှာ ဗိုင်းရပ်စ်ကို ခုခံစွမ်းအားရသွားစေပါတယ်။ ဒါပေမဲ့ ဒီ ကိုဗစ်-၁၉ ဗိုင်းရပ်စ်က ဘာတွေ ကွာခြားနေပါသလဲ။

အသက် ၇၀ ကျော် အမျိုးသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ထပ်တွေ့ခဲ့တာက ဆရာဝန်တွေ စိုးရိမ်စရာဖြစ်စေခဲ့တဲ့ အစောပိုင်း ဥပမာ တစ်ခု ဖြစ်ပါတယ်။

သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိတာသိပြီးတဲ့နောက် တိုကျိုက ဆေးရုံတစ်ရုံမှာ ဖေဖော်ဝါရီလတုန်းက သီးသန့်ခွဲခြားထားခဲ့တာပါ။

ဂျပန် ရုပ်သံမီဒီယာ NHK ရဲ့ အဆိုအရ သူဟာ ရောဂါက ပြန်သက်သာလာခဲ့ပြီး ပုံမှန်နေ့စဉ်ဘဝမှာ နေထိုင်နေတဲ့သူပါ။ အများသုံး ကား၊ရထားတွေတောင် စီးနေပါပြီ။

ဒါပေမဲ့ ရက်ပိုင်း အနည်းငယ်အကြာမှာတော့ သူနေမကောင်းဖြစ်ပြီး ဖျားခဲ့ပါတယ်။

သူ ဆေးရုံကို နောက်တစ်ခေါက် ပြန်လာခဲ့တော့ သူ့ဆရာဝန်တွေ အံ့သြသွားပါတယ်။ နောက်တော့ သူ့မှာ ဗိုင်းရပ်စ် နောက်တစ်ခေါက် ထပ်ရှိနေပြန်ပြီဆိုတာ သိလိုက်ရပါတယ်။

အခုလိုမျိုး ပိုးထပ်တွေ့တာ ဂျပန်မှာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဒီလို ပိုးထပ်တွေ့တာမျိုးတွေက လူအနည်းအကျဉ်းမှာပဲ ထပ်တွေ့ပေမဲ့ အရေအတွက်ကတော့ မနည်းလှပါဘူး။ ဒါပေမဲ့ ဘာလို့ အဲဒီလို ပိုးထပ်တွေ့တာမျိုးတွေ ဖြစ်နေတာလဲ။

ဗိုင်းရပ်စ် ပြန်ထကြွလာတာ

ကိုဗစ်-၁၉ လူနာတွေထဲက အနည်းဆုံး ၁၄ ရာခိုင်နှုန်းဟာ ပိုးမရှိတော့ဘူးလို့ အဖြေထွက်ပြီးတာတောင်မှ နောက်တစ်ခါ ပိုးထပ်တွေ့ရတတ်တယ်လို့ စပိန် အမျိုးသား ဇီဝနည်းပညာ ဌာနက ဗိုင်းရပ်စ်ဗေဒ ပညာရှင် လူးဝစ်အန်းဂျူအန်းက ဘီဘီစီကို ပြောပါတယ်။

အဲလို ပိုးတွေ့တာကို နောက်တစ်ခါ ထပ်ကူးစက်ခံရတယ်လို့ သူက မယူဆပါဘူး။ အဲဒါက ပိုးတွေ ပြန်ထကြွလာတာလို့ ယူဆတာပါ။

ဖြစ်နိုင်ခြေတွေ အများကြီးထဲက ယူဆချက် တစ်ခုကတော့ ပုံမှန်အတိုင်းဆိုရင် ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရသူတွေကို ခုခံစွမ်းအား ထွက်လာစေပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာ ခုခံစွမ်းအားက သိပ်အားမကောင်းဘူးလို့ အန်းဂျူအန်းက ပြောပါတယ်။

ခုခံစွမ်းအားနှေးသွားတဲ့အခါ ကိုယ်ထဲမှာ ကျန်နေတဲ့ ဗိုင်းရပ်စ်က ပြန်ပေါ်လာတာလို့ ဆိုပါတယ်။

ကိုယ်ထဲမှာ ဗိုင်းရပ်စ် နေနေနိုင်တယ်

တချို့ ဗိုင်းရပ်စ်တွေဟာ ခန္ဓာကိုယ်ထဲမှာ သုံးလနဲ့ အထက်နေနေနိုင်ပါတယ်။

တချို့လူတွေမှာ ဇီးရိုးပေါ့စတစ် ဖြစ်သွားတဲ့အခါ (ပိုးရှိတယ်လို့တွေ့ရပြီး နောက်ထပ်စစ်တော့ ပိုးမရှိ တော့ဘူးဆိုတဲ့အခါ) သူ့မှာ ခုခံစွမ်းအား ထွက်လာပြီလို့ ယူဆလို့ရပါတယ်။ ဒါဆိုရင် ဗိုင်းရပ်စ်က ထပ်ပြန်ထွက်မလာသင့် တော့ပါဘူးလို့ အန်ဂျူအန်းက ပြောပါတယ်။

ကိုယ်ထဲက ခုခံအားစနစ်နဲ့ မတွေ့ခဲ့တဲ့ ကူးစက်နိုင်စေတဲ့ ပစ္စည်းတချို့ တခြားကိုယ်အင်္ဂါတွေထဲက တစ်ရှူးတွေထဲမှာ ဆက်ရှိနေနိုင်ပါသေးတယ်။

ဒါပေမဲ့ နေပြန်ကောင်းလာပြီး အချိန်တိုအတွင်းမှာ နောက်ထပ်တစ်ခါ ပိုးထပ်တွေ့တာမျိုးက ကိုဗစ်-၁၉ ဟာ သိပ္ပံပညာရှင်တွေအတွက် အထူးအဆန်းဖြစ်နေပါတယ်။

သိပ္ပံပညာရှင်တွေအတွက် ပဟေဠိ

ခုခံစွမ်းအားက မတူတဲ့ ဗိုင်းရပ်စ်တွေအတွက် မတူတဲ့ ပုံစံနဲ့ ထွက်တတ်ပါတယ်။

ဝက်သက်ဆိုရင် တစ်ခါ ကာကွယ်ဆေးထိုးလိုက်တာနဲ့ ကလေးဘဝကနေ တစ်သက်လုံး ခုခံအားရသွားစေပါတယ်။ ဒါပေမဲ့ တချို့ ကျန်းမာရေး အဖွဲ့တွေကတော့ အသက်နည်းနည်းရလာတဲ့အခါ ပိုသစ်တဲ့ ခေတ်ပေါ် ကာကွယ်ဆေးတွေ ထပ်ထိုးပေးရင် ပိုပြီး စိတ်ချရတယ်လို့ လမ်းညွှန်ထားပါတယ်။

တချို့ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေကျတော့ အဲဒီလောက် မကာကွယ်ပေးနိုင်တဲ့အတွက် အချိန်တစ်ခုကြာသွားတိုင်း ထပ်ထပ်ထိုးပေးနေရပါတယ်။

တုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေးဆိုရင် ဗိုင်းရပ်စ်က မျိုးဗီဇဆင့်ပွားပြောင်းသွားတတ်လို့ နှစ်တိုင်း ကာကွယ်ဆေး ပြန်ထိုးပေးနေရပါတယ်။

နားလည်ဖို့ ကြိုးစားဆဲ

ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကတော့ ဗိုင်းရပ်စ် အသစ်ဖြစ်လို့ အချိန်တိုအတွင်း နှစ်ခါပြန် ကူးစက်ရတဲ့ အကြောင်းကို ပညာရှင်တွေ နားလည်အောင် လေ့လာနေကြဆဲပဲ ရှိပါသေးတယ်။

စပိန်နိုင်ငံ မဒရစ်မြို့ ကားလို့စ် ၃ ကျန်းမာရေး ဌာနက သုတေသီ အီစီဒိုရို မာတီနက်ဇ်က ကိုရိုနာဗိုင်းရပ်စ် နောက်တစ်ကြိမ် ထပ်ကူးစက်တာမျိုးက ဖြစ်နိုင်ပေမဲ့ အချိန်အရမ်းတိုတိုလေးအတွင်းမှာ ထပ်ဖြစ်တာမျိုးကတော့ ထူးဆန်းတယ်လို့ ပြောပါတယ်။

တကယ်လို့ ရောဂါခုခံနိုင်စွမ်း ဘာမှ ကျန်မနေခဲ့ဘူးဆိုရင် တစ်နှစ်၊နှစ်နှစ်ကြာလို့ နောက်ထပ် ကူးစက်ရောဂါ ဖြစ်ချိန်ရောက်ရင် ထပ်ကူးခံရမှာပဲ။ အဲဒါက ပုံမှန်ပဲလို့ မာတီနက်ဇ်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လူတစ်ယောက်ကို အဲဒီဗိုင်းရပ်စ်ကို ကုပြီးပြီးချင်း ဒီဗိုင်းရပ်စ်ပဲ ထပ်ကူးစက်ခံရတာက ရှားတယ်။ သိသလောက်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်က တုပ်ကွေးဗိုင်းရပ်စ်လိုတောင် အများကြီး မျိုးဗီဇပြောင်းတာမဟုတ်ဘူးလို့ သူက ဖြည့်ပြောပါတယ်။

ယာယီ ပြန်ထကြွလာတာ

သူ့အယူအဆက အန်းဂျူအန်းရဲ့ အယူအဆနဲ့ ဆင်တူပါတယ်။

နောက်တစ်ကြိမ် ပြန်တွေ့တယ်ဆိုတာက ပိုးတွေ လုံးဝ အရှင်းမပျောက်သွားသေးချိန်မှာ ယာယီ ပြန်ထကြွလာမျိုး ဖြစ်နိုင်ပါတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ သုတေသီ နှစ်ယောက်လုံးက ပြောတာက ကိုဗစ်-၁၉ ကို နားလည်ဖို့ နောက်ထပ် လေ့လာဖို့ လိုသေးတယ် ဆိုတာပါပဲ။

ကိုရိုနာဗိုင်းရပ်စ်က နေ့တိုင်း ထပ်လေ့လာနေရတဲ့ ပိုးအသစ်ဖြစ်တယ်လို့ အမေရိကတိုက် ကျန်းမာရေး အဖွဲ့ PAHO က ဘီဘီစီကို ပြောပါတယ်။ ဒါကြောင့် ထပ်ကူးစက်ခံရမှုတွေ ဘာဖြစ်လို့ ဖြစ်နေတယ်ဆိုတာ တိတိကျကျ ရှင်းပြဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ အစိုးရတွေ ပြည့်သူ့ကျန်းမာရေး တုံ့ပြန်ချက်တွေ ဆုံးဖြတ်နိုင်ဖို့ သိပ္ပံပညာက အဖြေရှာနေပါတယ်။