ကိုရိုနာဗိုင်းရပ်စ် အကြောင်း သိသင့်တဲ့ ၅ ချက်

တရုတ်နိုင်ငံထဲမှာ ၂၀၁၉ နှစ်ကုန် ဒီဇင်ဘာလလောက်မှာ စပေါ်လာခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင် နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးသစ်တစ်မျိုး ကြောင့် ကမ္ဘာတစ်ဝန်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် အသစ် ကူးစက် ပျံ့နှံ့မှု ဟာ တရုတ်နိုင်ငံ ပြင်ပမှာလည်း ဆက်လက်ဖြစ်ပေါ်နေလို့ ဒီ အခြေအနေကို ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့ အရေးပေါ်အခြေအနေ အဖြစ် ဇန်နဝါရီလ ၃၀ ရက် (ကြာသပတေးနေ့) မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) က ကြေညာလိုက်ပါတယ်။

၁) ရောဂါဖြစ်ပွားနေမှု အခြေအနေ

လက်ရှိမှာ ရောဂါကူးစက်ခံထားရသူ သောင်းဂဏန်း နီးပါး အထိ ရှိလာနေပြီး အများစုကတော့ တရုတ်နိုင်ငံထဲမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံထဲက ရောဂါ ကူးစက်ခံရသူတွေထဲမှာ သေဆုံးသူကလည်း ဇန်နဝါရီ ၃၁ ရက်အထိ ၂၁၃ ယောက်ရှိပြီး သေဆုံးသူ အရေအတွက်ဟာ နေ့စဉ်လည်း တိုးလာနေပါတယ်။ အခြား ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ထက် မနည်းကိုလည်း ဒီဗိုင်းရပ်စ် ကူးစက်ရောက်ရှိနေပြီး လက်ရှိအချိန်အထိတော့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ တချို့ ပြန်နေကောင်း သက်သာလာတာတွေလည်း ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အဖြစ် သံသယ ဖြစ်ဖွယ် ရှိတဲ့ တရုတ်နိုင်ငံသား သံသယ လူနာ တစ်ဦးကို လည်း ဇန်နဝါရီလ ၃၁ရက် မနက်ပိုင်းက ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရလို့ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကို ပို့ဆောင် ပြီး ကြပ်မတ် စောင့်ကြည့် စစ်ဆေးနေတယ်လို့ ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက အတည်ပြု ထားပါတယ်။

၂) ဝူဟန်ဗိုင်းရပ်စ်ဆိုတာဘာလဲ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ ပင်လယ်စာရောင်းချတဲ့ဈေးကနေ စတင်ပျံ့နှံ့တာကို အစွဲပြုလို့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးသစ်ကို ဝူဟန်ဗိုင်းရပ်စ်လို့ လူအများကြား ခေါ်တွင်လာကြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လေ့လာတွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုးဟာ တိရိစ္ဆာန်ကစပြီး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဗိုင်းရပ်စ် စတင်ကူးစက်ခံရသူတွေဟာ ဝူဟန်မြို့ကဟွားနန် ပင်လယ်စာ ရောင်းဝယ်ရေးဈေးကြီးနဲ့ တနည်းနည်း ဆက်စပ်ခဲ့သူတွေ ဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ ပိုးမျိုးကွဲတွေ အများကြီး ပါဝင်ပြီး အဲဒီအထဲက ၆ မျိုးကပဲ လူကို ကူးစက်နိုင်ကြောင်း အရင်က တွေ့ထားခဲ့ပါတယ်။

အခုနောက်ဆုံး ဗိုင်းရပ်စ်ပိုးသစ်ကိုပါ ထည့်သွင်းရင် လူကို ကူးစက်နိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးမျိုး ၇ ခု အထိ ရှိနေပြီး ပြင်းထန်တဲ့အဆုတ်ရောင် ဝေဒနာဖြစ်စေပြီး နောက်ဆုံး ကျောက်ကပ်ပျက်စီးကာ အသက်ဆုံးရှုံး နိုင်တဲ့အထိ ဖြစ်စေပါတယ်။

၃) ဝူဟန်ဗိုင်းရပ်စ်ရဲ့ အဓိက လက္ခဏာတွေက ဘာတွေလဲ

ရောဂါကူးစက်ခံရပြီဆိုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်မှုတွေကို စတွေ့ရပါတယ်။ အဖျားရှိလာတာ၊ ချောင်းဆိုးတာ၊ အသက်ရှူမဝတာနဲ့ အသက်ရှူရခက်ခဲတာ၊ အားအင်ကုန်ခန်းတာတွေ ဖြစ်လာတတ်ပါတယ်။ ကနဦးမှာ ကိုယ်အပူချိန် မြင့်တက်ပြီး ချောင်းခြောက်တွေ ဆိုးပါမယ်။ တစ်ပတ်အကြာမှာ အားအင်ကုန်ခမ်း အသက်ရှုကျပ်တဲ့အထိ ဖြစ်လာပါမယ်။ လူနာတချို့ အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူရဖို့ လိုအပ်ပါမယ်။

၄) ဘယ်လိုကူးစက်နိုင်သလဲ

အခု လက်ရှိ အချိန်မှာတော့ တရုတ်နိုင်ငံ အထူးသဖြင့် ဝူဟန် မြို့ ကို ခရီးသွားလာခဲ့မှု ရာဇဝင် ရှိသူတွေက ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှု ဖြစ်နိုင်ခြေ ပိုရှိတယ်လို့ ဆေးပညာရှင်တွေက ယူဆထားကြပါတယ်။ ဝူဟန်ဗိုင်းရပ်စ်ဖြစ်တယ်လို့ သံသယရှိသူနဲ့အတူ အနီးကပ် နေထိုင်ခဲ့သူတွေ ကူးစက်နိုင်မှု ပိုများပါတယ်။

တိရစ္ဆာန်ကနေ လူကို ကူးစက်တာကနေ လူကနေ လူချင်းလည်း ကူးစက်နိုင်တယ် ဆိုပြီး ဂျပန်၊ ဗီယက်နမ်နဲ့ ဂျာမနီက ကူးစက်ခဲ့မှု ပုံစံတွေကို ကြည့်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကောက်ချက်ချထားပါတယ်။

အရင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ကူးစက်ပုံအရတော့ ချောင်းဆို၊ နှာချေတာက တစ်ဆင့် တုပ်ကွေးဗိုင်းရပ်စ်ပိုးအပါအဝင် တခြားရောဂါပိုးတွေ လေထဲရောက်ရှိ အသက်ရှူလမ်းကြောင်းကတစ်ဆင့် တိုက်ရိုက်ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် အရာဝတ္ထုတွေမှာ ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာက တစ်ဆင့် ကူးနိုင်ပါတယ်။

၅) ဘယ်လို ကာကွယ်ကြမလဲ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) နဲ့ မြန်မာနိုင်ငံက ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန် လမ်းညွှန်ချက်တွေ အရ အောက်ပါ အချက်တွေကို ဆောင်ရွက်ရင် ရောဂါ ပိုး ကူးစက်ခံရမှု ဖြစ်နိုင်ခြေ ကို လျှော့ချနိုင်ပါမယ်။

ဖျားနာနေသူ၊ ချောင်းဆိုး၊ နှာချေ စတဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ခံစားနေရသူတွေနဲ့ အနီးကပ် နေထိုင်တာကို ရှောင်ကြဉ် ရပါမယ်။

တတ်နိုင်သမျှ လူထူထပ်တဲ့ နေရာကို သွားလာခြင်း မပြုရပါဘူး။

လက်ကို ဆပ်ပြာနဲ့ ရေ သို့မဟုတ် အရက်ပြန်ပါတဲ့ လက်ဆေးရည် ကို အသုံးပြုပြီး သန့်စင်အောင် လိုအပ်ရင် လိုအပ်သလို မကြာခဏ ဆေးကြောပေးဖို့ လိုပါမယ်။

နှာချေ ချောင်းဆိုးရင် နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင်ဖုံးအပ်ပါ။ နှာခေါင်းစည်း Mask တွေကို သုံးပါ။ အထူးသဖြင့် အများပြည်သူသုံး ယာဉ်တွေ၊ ဘတ်စ်ကားစီးချိန် တွေမှာ တခြားသူတွေထံ ရောဂါမကူးစက်စေဖို့ သတိပြုပါ။

နှာချေ ချောင်းဆိုးတဲ့အခါ တစ်ရှူးအသုံးပြုရင် အမှိုက်ပုံးထဲ သေချာပစ်ပါ။ လက်ကို စင်ကြယ်အောင် ဆပ်ပြာနဲ့ သေသေချာချာ ပြန်ဆေးပါ။

တိရစ္ဆာန်တွေကို အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ကိုင်တွယ်တာ၊ ပွတ်သပ်တာ ၊ နမ်းရှုံ့တာတွေမလုပ်ဖို့ သတိပြုရပါမယ်။

အသား၊ ငါး နဲ့ ဥတွေကို သေချာစွာ ချက်ပြုတ် စားသောက်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ဖို့နဲ့ အိပ်ရေး၀၀အိပ်ဖို့လည်း လိုပါတယ်။

အာဟာရပြည့်တဲ့ အစားအသောက်တွေ များများစားဖို့နဲ့ ကိုယ်လက်လှုပ်ရှားမှု မှန်မှန် လုပ်ဖို့လည်း အကြံပြုပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေအနေနဲ့ လူနာနဲ့ ထိတွေ့ကိုင်တွယ်ရချိန် ကိုယ့်ကို မကူးစက်အောင် အထူးဂရုပြုလိုက်နာဖို့နဲ့ လူနာကို စမ်းသပ်ကိုင်တွယ်ပြီးတိုင်း လက်ကို နည်းလမ်းတကျ ဆပ်ပြာနဲ့ စင်ကြယ်စွာဆေးဖို့ လိုပါတယ်။