ငြိမ်းချမ်းရေးကနေ ကေအန်ယူ ဘာကြောင့်ယာယီရပ်စဲချင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
- ရေးသားသူ, စောရန်နိုင်
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူ၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပါဝင်မှု ယာယီရပ်စဲ တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ကေအန်ယူအနေနဲ့ ချဉ်းကပ်မှု ပြောင်းလဲချင်တဲ့ လုပ်ရပ်လို့ သုံးသပ် မှုတွေရှိနေသလို တချို့ကျတော့ ကေအန်ယူ ကိုယ်တိုင်က သူ့အဖွဲ့ အစည်းထဲမှာ ပြန်လည်တည့်မတ်စရာတွေ ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ကေအန်ယူရဲ့ ငြိမ်းချမ်းရေးဗျူဟာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာမှာ အဓိက အရေးပါတဲ့ ပဲ့ကိုင်သူခေါင်းဆောင်တချို့က ငြိမ်းချမ်းရေးဟာ ပွင့်လင်းမြင်သာမှုမရှိသလို ထင်သလောက် ခရီးမရောက်တဲ့အတွက် ပြန်လည်စဉ်းစားဖို့ လိုတယ်လို့ မြင်ကြပါ တယ်။
ဘာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကယာယီရပ်စဲ
ကေအန်ယူရဲ့ ငြိမ်းချမ်းရေးဗျူဟာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာမှာ အဓိက အရေးပါတဲ့ ပဲ့ကိုင်သူခေါင်းဆောင်တချို့က ငြိမ်းချမ်းရေးဟာ ပွင့်လင်းမြင်သာမှု မရှိသလို ထင်သလေက် ခရီးမရောက်တဲ့အတွက် ပြန်လည်စဉ်းစားဖို့ လိုတယ်လို့ မြင်ကြပါ တယ်။ အထူးသဖြင့် လက်တွေ့အကောင်အထည်ဖေါ်ရမယ့်လုပ်ငန်းတွေ ဥပမာ နယ်မြေသတ်မှတ်ရေး၊ နှစ်ဖက်ပစ်ခတ်မှုဖြစ်လာရင် ကိုင်တွယ်ဖြေရှင်းရ မယ့်ကိစ္စ၊ အပစ်အခတ်ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်သေးတာတွေပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အကြိမ်ကြိမ်တက်ရောက် ဆွေးနွေးပြီး သဘောတူလက်မှတ်ထိုးခဲ့ပေမဲ့ နိုင်ငံရေးအာမခံချက်မရှိဘူးလို့လည်း ကေအန်ယူခေါင်းဆောင်တချို့ကမြင်ပါတယ်။
တိုင်းရင်းသားတွေလိုချင်တဲ့ ဖယ်ဒရယ်အင်္ဂါရပ်တွေဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ မိမိဒေသက သဘာဝသံယာဇာတ စီမံအုပ်ချုပ်ခွင့်စတာတွေလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ခိုင်လုံတဲ့အဖြေတွေမထွက်နိုင်ဘူးလို့ ဆိုပါ တယ်။ ပင်လုံညီလာခံတွေမှာလည်း ပြဿနာအဖြေရှာတာထက် မိန့်ခွန်းခြွေတဲ့ပွဲလို ဖြစ်နေတယ်လို့ ခေါင်းဆောင် တချို့က သုံးသပ်ကြတယ်။
အောက်တိုဘာလက ကေအန်ယူအရေးပေါ် အစည်းအဝေးမှာ အကြိတ်အနယ် ဆွေးနွေးတဲ့ အကြောင်းအရာတွေထဲမှာ ကေအန်ယူအဖွဲ့အစည်းအတွင်း ဖြစ်ခဲ့တဲ့အားနည်း ချက်တွေကြောင့် အဖွဲ့အစည်းအလုပ်ကို ထိခိုက်စေနိုင်သလို ငြိမ်းချမ်းရေး လုပ်ကိုင်ရာမှာ သဘောထား မတိုက်ဆိုင်တဲ့ ခေါင်းဆောင်ပိုင်း အချင်းချင်းထဲမှာလည်း မပြေလည်မှုတွေ ကြီးထွားလာနိုင်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းကို အရင်ကလို မြန်မြန် ဆန်ဆန် သွားတာထက် တိကျသေချာမှုကို ပိုပြီးဦးစားပေးလုပ်ဖို့ ဆွေးနွေးခဲ့ကြပါ တယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမြင်မတူမှုတွေရှိ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အရင်ကတည်းက ကေအန်ယူခေါင်းဆောင်တွေ အကြားမှာ အမြင်မတူတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုရှိခဲ့လို့ သဘောထားတင်းမာတဲ့အဖွဲ့နဲ့ သဘောထားပျော့ပြောင်းတဲ့အဖွဲ့ (အမာလိုင်း၊ အပျော့လိုင်း) ဆိုပြီး တချို့က ဝေဖန်ရေးသား ဖော်ပြကြပါတယ်။ သဘောထား ပျော့ပြောင်းတယ်ဆိုတဲ့ အဖွဲ့ကတော့ လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရဲရဲတင်းတင်း မြန်မြန် ဆန်ဆန် သွားချင်တဲ့အဖွဲ့ ဖြစ်ပါတယ်။
သဘောထားတင်းမာတယ် ဆိုတဲ့ အဖွဲကတော့ ၂၀၁၇ ခုနှစ် ဧပြီလက ကေအန်ယူ ကွန်ဂရက် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ကေအန်ယူဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် နဲ့ သဘောထားတူသူတွေပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ လက်ရှိ ကေအန်ယူရဲ့ စစ်ရေးအဖွဲ့ ကေအန်အယ်အေရဲ့ ဒုတိယ စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲလည်း ပါပါတယ်။ သူတို့အဖွဲ့ကတော့ ငြိမ်းချမ်းရေး ကို သတိကြီးစွာနဲ့ သွားချင်သူတွေပဲ ဖြစ်ပါတယ်။
အဲဒီတုန်းကတော့ ကေအန်ယူနှစ်ခြမ်းကွဲမလားတောင် စိုးရိမ်ရတဲ့အထိဖြစ်ခဲ့တယ်လို့ ကေအန်ယူ အတွင်းသတင်းတွေအရ သိရပါတယ်။ တနည်းအားဖြင့် ကေအန်ယူအတွင်း တပ်နဲ့ နိုင်ငံရေးအုပ်စုနှစ်ခု ကွဲသွားမလား ဆိုပြီး စိုးရိမ်ရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ခြမ်းကွဲသွားရင်လည်း ကေအန်ယူပဲ အထိနာမယ်ဆိုပြီး အချင်းချင်းပြေလည်အောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။
အရင်က ကျွန်တော်တို့ အစိုးရနဲ့ စစ်တပ်ကခေါင်းဆောင်တွေကို သွားတွေ့ချင်တိုင်း သွားတွေ့တယ်။ အစည်းအဝေး ရလဒ်ကိုလည်း အဖွဲ့အစည်းအထဲမှာ သေသေချာချာ ပြန်ရှင်းပြတာတွေလည်း မလုပ်ခဲ့ဘူး။ သွားချင်တိုင်းသွား တွေ့ချင်တိုင်းတွေ့၊ ဘာမှလည်း ပြန်မရှင်းပြတဲ့အခါကျတော့ လုပ်ဖော်ကိုင်ဖက်တွေ အကြားမှာ နားလည်မှု ကွဲလွဲ တာ၊ မပြေလည်တာတွေ ရှိတယ်။ ဒါက ကိုယ့်အဖွဲ့ အစည်းကိုပဲ ထိခိုက်တယ်။ အဲဒီတော့ အဖွဲ့အစည်းအလုပ်ကို ပိုပြီးလုပ်ဖို့ သုံးသပ်ကြတယ်လို့ အမည်မဖော်လိုတဲ့ ကေအန်ယူစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။
ခွဲမထွက်ရေးနဲ့ တပ်မတော်တခုတည်းထားရှိရေး
တပ်မတော်ရဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရေးနဲ့ တပ်မတော်တစ်ခုတည်းထားရှိရေး မူကလည်း ကေအန်ယူခေါင်းဆောင်တွေကို အန္တရာယ်အချက်ပြခေါင်းလောင်းသံ ဖြစ်စေခဲ့တယ်လို့လည်း ဆိုပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးဖို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး နေရာမှာ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးကို ပြောင်းလဲတာဝန်ပေး လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက သဘောမတူခဲ့ပေမယ့် အများရဲ့ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။
ဒီအလှည့်အပြောင်းတွေ နောက်ကကြိုးကိုင်သူကတော့ ဗိုလ်မှူးတူးတူးလေးလို့ အတွင်းသတင်း အရ သိရပါတယ်။ သူဟာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့ သဘောထားပျော့ ပြောင်းတဲ့အဖွဲ့ဆိုသူတွေနဲ့ အနီးကပ် အကြံပေး လုပ်ကိုင်ခဲ့ပါတယ်။
အရင်ကတော့ ငြိမ်းချမ်းရေးကို မြန်မြန်ဆန်ဆန်သွားဖို့ ဦးစားပေးခဲ့သူပါ။ ဒါပေမဲ့ သူက အခုလို ခေါင်းဆောင်မှုအပိုင်းမှာ အလှည့်အပြောင်းလုပ်တာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ချဉ်းကပ်ပုံ ပြောင်းလဲချင်တယ်လို့ ကေအန်ယူ ခေါင်းဆောင်က သုံးသပ်ကြပါတယ်။ ခေါင်းဆောင် ပိုင်းမှာ ရှေ့တန်းက နေရာရလာသူ ပဒိုစောတာဒိုမူးဟာ ဗိုလ်မှူးတူးတူးလေးနဲ့ နီးစပ်သူဖြစ်တယ်လို့ ကေအန်ယူ သတင်း အရင်းအမြစ်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Saw Yan Naing
သံသယနဲ့ယုံကြည်မှုတည်ဆောက်နေရလား
အခုလို အကွက်ရွှေ့လိုက်တာဟာ ကေအန်ယူနဲ့ မြန်မာအစိုးရအကြား ဆက်ဆံရေး တစုံတရာ အကျိုးသက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ တကယ်တော့ ကေအန်ယူနဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေ ဆက်ဆံရေး ကောင်းခဲ့ပေမဲ့ အောက်ခြေက စစ်ဖက်ဆိုင်ရာ ပြဿနာတွေ သိပ်အဆင်ပြေလှတာ တော့ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးက သံသယတွေနဲ့ ဆက်ဆံနေကြတာပါ။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင်မှာ လမ်းဖောက်မယ့်ကိစ္စနဲ့ ကေအန်ယူနဲ့ တပ်မတော်တပ်ဖွဲ့တွေအကြား စစ်ရေးပဋ္ဋိပက္ခဖြစ်ခဲ့ပါတယ်။ ဒေသခံနှစ်ထောင်ကျော် လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကေအန်ယူက ငြိမ်းချမ်းရေးကနေ ယာယီရပ်စဲတယ်လို့ ကြေညာခဲ့တဲ့နောက်ပိုင်းမှာ ဖာပွန်ဒေသ ကေအန်ယူတပ်မဟာ ၅ ထိန်းချုပ်နယ်မြေတချို့မှာ တပ်မတော်က လက်နက်နဲ့ တပ်အင်အား တွေတိုးချဲ့ ပို့ဆောင် နေတာရှိတယ်လို့ ကေအန်ယူ တပ်မဟာ ၅ က သတင်း အရင်းအမြစ်က ဆိုပါတယ်။ လောလောဆယ် ခဏရပ်ထားပေမယ့် လမ်းဖောက်မယ့် အစီအစဉ်ကို စွန့်လွှတ်မှာမဟုတ်ပဲ အချိန်ကျရင် ဆက်လုပ်မယ်လို့ သူတို့က ခန့်မှန်းပါတယ်။ အဲလိုလမ်းဖောက်တဲ့ အစီအစဉ်လုပ်လာရင် တပ်မတော်တပ်ဖွဲ့နဲ့ ကေအန်ယူ တပ်ဖွဲ့ တွေ ထိပ်တိုက် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အရေးကြီးရင် သွေးစည်းနိုင်မလား
တချိန်တည်းမှာပဲ ကရင်ခွဲထွက်အဖွဲ့တွေအားလုံးကို မိခင်ကေအန်ယူနဲ့ ပြန်လည် ပေါင်းစည်းရေး ကိုလည်း ကေအန်ယူရဲ့ တပ်ဖက်အဖွဲ့အစည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ကေအန်အယ်အေ က လုပ်ဆောင်နေပါတယ်။
ကေအန်အယ်အေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ ကတော့ ခွဲထွက်ကရင်လက်နက်ကိုင် အဖွဲ့တွေအားလုံး အရေးကြီးရင် သွေးစည်းရမယ်၊ ညီညွှတ်ရမယ်။ အဖွဲ့တွေကွဲနေလည်း၊ ချဉ်းကပ်ပုံမတူလည်း ရည်ရွယ်ချက်က အတူတူပဲ လို့ သူကဆိုပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကေအန်ယူက ရှေ့တန်းကနေ ဦးဆောင်ပါဝင်ခဲ့တာဟာ အထင် အရှားပါ။ ၂၀၁၂ ခုနှစ်ကစပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးသဘော တူညီချက် လက် မှတ်ထိုးတုန်း ကလည်း ကေအန်ယူက ပြတ်ပြတ်သားသား လက်မှတ်ရေးထိုးခဲ့သလို ၂၀၁၅ တုန်းကလည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အန်စီအေ လက်မှတ်ထိုးတုန်းကလည်း ရှေ့ဆုံးက ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကနေ ပူးပေါင်းပါဝင်မှု ယာယီရပ်စဲတယ်လို့ ကေအန်ယူက ရုတ်တရက်ထုတ်ပြန်လိုက်တာဟာ ငြိမ်းချမ်းရေးကို ဒီတိုင်း ဆက်သွားရင် ကျဆုံးသွားလိမ့်မယ်လို့ အစိုးရနဲ့တပ်မတော်ကို ပြတ်ပြတ်သားသား အချက်ပြလိုက်တာဖြစ်တယ်လို့ တချို့ကသုံး သပ်ကြပါတယ်။
တချိန်တည်းမှာ ကေအန်ယူရဲ့ နိုင်ငံရေးဗျူဟာကလည်း အန်စီအေထိုးထားတဲ့ ကျန်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေအပေါ် အရေးပါနေတဲ့အတွက် အခုဆုံးဖြတ်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဖုအထစ် ဖြစ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။








