KNU ဥက္ကဋ္ဌ မူတူးဆေးဖိုး မပါတော့မယ့် ငြိမ်းချမ်းရေး ဦးဆောင် အဖွဲ့ရဲ့ အလားအလာ

မူတူး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင်ဆွေးနွေးပွဲ တွေကို ရပ်ဆိုင်းထား

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ဦးဆောင်အဖွဲ့ (PPST) ဥက္ကဋ္ဌ ရာထူးကနေ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး အနေနဲ့ အနားယူတော့မှာဖြစ်ပါတယ်။

သူအနားယူလိုက်ရင် PPST ခေါင်းဆောင်နေရာမှာ KNU က ကိုယ်စားလှယ်မဟုတ်ပဲ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုခုက ခေါင်းဆောင်တာဝန်ယူလာမလား ဆိုတာလည်း စောကြော နေကြပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်က နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက အဆုံးအဖြတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေစုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့( PPST) ကိုဖွဲ့စည်းခဲ့တာပါ။

အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကြား ဆွေးနွေးပွဲတွေအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ကိုယ်စား မူဝါဒတွေ ဆုံးဖြတ်ချက်တွေကို PPST အဖွဲ့က ချမှတ်ပေးနေတာလည်း ဖြစ်ပါတယ်။

PPST အဖွဲ့ရဲ့ ဥက္ကဌတာဝန်ကို KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက တာဝန်ယူထားတာ ၃ နှစ်နီးပါးရှိခဲ့ပေမယ့်လည်း အခုအခါမှာတော့ သူ့ အနေနဲ့ PPST မှာ ကိုယ်တိုင် မပါဝင်တော့ ဘဲ သူ့ကိုယ်စား KNU အထွေထွေ အတွင်းရေးမှူးချုပ် ဖဒိုတာဒိုမူးကို ပြောင်းလဲတာဝန်ပေးဖို့ KNU ခေါင်းဆောင်ပိုင်းက ဆုံးဖြတ် ထားပြီးဖြစ်ပါတယ်။

ကေအန်ယူ

ဓာတ်ပုံ ရင်းမြစ်, KNU

ဓာတ်ပုံ ပုံစာ, ဆယ်စုနှစ်နီးပါး ကြာရှည်လာပြီ ဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် က ရပ်ဆိုင်းနေ

PPST အဖွဲ့ရဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလက လုပ်ခဲ့တဲ့အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီးမူးတူးစေးဖိုး မတက်ရောက်တော့ဘဲ ဖဒိုစောတာဒိုမူးသာ တက်ရောက်ခဲ့တယ်လို့ အမည်မဖော်လို့တဲ့ PPST အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလဲ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှာ KNU အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင်တာဝန်ယူထားတဲ့ ဖဒိုစော ကွယ်ထူးဝင်း အစား ဖဒိုတာဒိုမူး ကို လဲလှယ်ခဲ့ပါတယ်။

အဲဒီလိုလဲလှယ် တဲ့အခါမှာတော့ KNU ကိုယ်စားလှယ် ဖဒိုစောတာတိုမူးဟာ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင်ဖြစ်မလာဘဲ အဖွဲ့ဝင်အဖြစ်သာ တာဝန်ယူခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ KNU အဖွဲ့ က အင်အားအကြီးဆုံးဖြစ်တဲ့အတွက် KNU က ကိုယ်စားလှယ်ပဲ PPST မှာ ဦးဆောင်သူ ဖြစ်လာမယ်လို့ တွက်ဆနေကြတဲ့ နိုင်ငံရေး အကဲခတ်သူတွေ ရှိသလို PPST အတွင်းကြားမှာ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဦးဆောင်သူတချို့ အနေနဲ့ ဥက္ကဋ္ဌတာဝန် ကို အလှည့်ကျယူကြဖို့ ဆွေးနွေးခဲ့တာမျိုးတွေ ရှိခဲ့တာမို့ PPST ရဲ့ ဥက္ကဋ္ဌသစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာက အမှန်းရ ခက်ဆဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။