ကရင် ခရိုင် ၄ခုမှာ စစ်တပ် လမ်းဖောက် နေတာက စစ်ရေးကို အထောက်အကူပြုဖို့လုပ်တာလို့ KNU ပြော

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နဲ့ ဖာပွန်ခရိုင် မှာ ဆက်သွယ်ရေး လမ်းတွေ ဖောက်လုပ်နေတာက စစ်ရေးဆိုင်ရာ အထောက်အကူပြုရေးအတွက် ရယ်ရွယ်တာကို တွေ့ရတာကြောင့် ချက်ချင်းရပ်ဆိုင်းဖို့ ကရင်အမျိုးသား အစည်းအရုံး- KNU တောင်ငူခရိုင်က သတင်းထုတ်ပြန်ပါတယ်။
" လမ်းဖောက်တဲ့ကိစ္စကို နှစ်ဦးနှစ်ဖက် တွေ့ဆုံအဖြေရှာဖို့ လိုတယ်။ ဒီလမ်းဖောက်တာကို ကြည့်လိုက်တော့ ကရင်ပြည်နယ်မြောက်ပိုင်းက ကေအဲန်ယူနယ်မြေခရိုင် ၄ ခုကို စစ်ရေးထောက်ကူပြုဖို့ ရည်ရွယ်ဖောက်တာ တွေ့ရတယ်။ ဒေသခံပြည်သူအတွက် လမ်းဖောက်တာမျိုး မဟုတ်ဘူး။ ဒါကြောင့် လုံးဝလက်မခံနိုင်ဘူး၊ လုံး၀ ဆန့်ကျင်တယ်" လို့ KNU အစည်းအရုံး တောင်ငူခရိုင်ရဲ့ ပြောခွင့်ရသူ စောသူးကဘီးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြောက်ပိုင်း ခရိုင် ၄ ခု ဖြစ်တဲ့ တောင်ငူခရိုင်မှာ KNU တပ်မဟာ ၂၊ ညောင်လေးပင်ခရိုင်မှာ KNU တပ်မဟာ ၃၊ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ နဲ့ သထုံခရိုင်မှာ တပ်မဟာ ၁ တို့ရဲ့ နယ်မြေတွေ ဖြစ်တယ်လို့လည်း စောသူးကဘီးက ပြောပါတယ်။
အခုသတင်းထုတ်ပြန်ချက်ကိုလည်း နိုဝင်ဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ တောင်ငူခရိုင်မှာ ပြုလုပ်ခဲ့တဲ့ ၆ ကြိမ် မြောက် ခရိုင် ညီလာခံအတွင်း သုံးသပ်ဆွေးနွေးအပြီး ဒီကနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာ အတိအလင်း သတင်းထုတ်ပြန်တာလို့ သူက ပြောပါတယ်။

ဒါ့အပြင် ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော တိုးချဲ့သတ်မှတ်တဲ့ အစီအစဉ်ကိုလည်း ရုပ်သိမ်းပြီး တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး NCA စာချုပ်ပါ ကြားကာလ အစီအစဉ်အရ နှစ်ဖက်ညှိနှိုင်း သဘောတူမှုနဲ့ အကောင်အထည် ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။
မကြာသေးခင်က လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲရေး ဥပဒေ အပါအဝင် တခြားမြေယာ ဥပဒေတွေဟာလည်း ပဋိပက္ခကို ဦးတည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို ဟန့်တားစေနိုင်လို့ ညှိနှိုင်း လုပ်ဆောင်ဖို့လည်း KNU ဘက် ကပြောထားပါတယ်။
" အစိုးရကို သိစေချင်တာက ကျွန်တော်တို့မှာလည်း သစ်တောနဲ့ သက်ဆိုင်တဲ့ ဥပဒေမူဝါဒတွေ၊ အုပ်ချုပ်ရေး ယန္တယားတွေ ရှိပါတယ်။ မြေယာနဲ့ဆိုင်တဲ့ မူဝါဒ စီမံခန့်ခွဲမှုတွေလည်းရှိတယ်။ ကျွန်တော်တို့ ဒေသတွေမှာ မြေလွတ်မြေရိုင်းဆိုတာ မရှိဘူး။ KNU ဘက်က စီမံခန့်ခွဲပြီးသားနယ်မြေတွေ ဖြစ်တယ်။ ဒီသတ်မှတ်မှုက တခြားတိုင်းရင်းသားတွေရဲ့ ဒေသကိုလည်း ခြိမ်းခြောက်မှု ဖြစ်စေလို့ လုံးဝပယ်ဖျက်ပါလို့ တောင်းဆိုပါတယ်" စောသူးကဘီးက ပြောပါတယ်။
ကရင် အမျိုးသားအစည်းအရုံး KNU ဟာ NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အင်အား အကြီးဆုံး အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။








