အိုင်စီစီတင်ဖို့ ဖြစ်နိုင်ခြေရှိသလား

မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မြန်မာ့တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
    • ရေးသားသူ, သိမ်းမြတ်
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

မြန်မာ့တပ်မတော်ခေါင်းဆောင်တွေဟာ ရိုဟင်ဂျာမွတ်ဆလင်တွေ အပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြတယ်လို့ စွပ်စွဲပြီး နိုင်ငံတကာတရားရုံးတင် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က တိုက်တွန်းတာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။

"မြန်မာအစိုးရဟာ ကုလသမဂ္ဂအချက်လက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံထဲ လာခွင့်မပြုခဲ့ဘူး၊ လူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ ဘယ်ဆုံးဖြတ်ချက်ကိုမှလည်း သဘောမတူဘူး၊ လက်မခံဘူး" လို့ အစိုးရပြောခွင့်ရှိ ပုဂ္ဂိုလ် ဦးဇော်ဌေးကပြောပါတယ်။ မြန်မာအစိုးရက ထုတ်တဲ့ သြဂုတ်လ ၂၉ ရက် Global New Light of Myanmar သတင်းစာအင်တာဗျူးမှာ ပြောလိုက်တာပါ။

မြန်မာအစိုးရဟာ ဘယ်လိုလူ့အခွင့်အရေးချိုးဖောက်မှုကိုမှ လုံးဝသည်းမခံတဲ့နိုင်ငံဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တိုက်တွန်းချက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တပ်မတော်ထိပ်တန်းခေါင်းဆောင် ၆ ယောက်ကို လူမျိုးတုံး သတ်ဖြတ်မှု(Genocide)၊ လူအမြောက်အမြားအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against humanity)၊ စစ်ရာဇဝတ်မှု (War crimes) တွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့တာကို အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာလည်း သူ့ရဲ့လုပ်ပိုင်ခွင့် အာဏာနဲ့ သူ့သြဇာအရှိန်အဝါကို အသုံးပြုပြီး ရာဇဝတ်မှုတွေကို တားဆီးဖို့ ဆောင်ရွက်ခဲ့တာ မရှိဘူးလို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က အပြစ်တင် ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့သြဇာသုံးကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သူ့သြဇာသုံးကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆို

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး ဟွာချူးယင်းကတော့ တဖက်သတ်ဝေဖန်မှုတွေ၊ ဖိအားပေးမှုတွေဟာ ပြဿနာဖြေရှင်းရေးအတွက် ဘာမှ အထောက်အကူပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အပတ်စဉ်ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို အင်္ဂါနေ့က ပြုလုပ်စဉ်မှာ ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်မှာကို တရုတ်က ပိတ်ဆို့တာလားလို့မေးတဲ့အခါမှာတော့ ပြောရေးဆိုခွင့်ရှိ ပုဂ္ဂိုလ်က ငြင်းဆိုသွားပါတယ်။ ဒါပေမယ့် ရခိုင်ပြဿနာဟာ သမိုင်းရေးဆိုင်ရာ နောက်ခံ၊ ဘာသာရေးနောက်ခံ၊ လူမျိုးရေးနောက်ခံတွေနဲ့ ပတ်သက်နေလို့ အလွန်ရှုပ်ထွေးလှပါတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြားမှာ ထွက်ပြေး မွတ်ဆလင် ဒုက္ခသည် ၇ သိန်းကျော်ပြန်ပို့နိုင်ရေး အတွက် ညှိနှိုင်းပေးဖို့လည်း ကြိုးစားဆောင်ရွက်နေပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့နိုင်ရင် တိုးတက်မှု ပြနိုင်ပြီး တင်းမာမှုကို လျှော့ချနိုင်မယ်လို့ တရုတ်ကမျှော်လင့်ပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာလည်း တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC တင်ဖို့ကို သိပ်မလိုလားဘဲ ဒုက္ခသည်တွေကို အမြန်ဆုံးပြန်ပို့နိုင်ရေးကိုသာ စိတ်ဝင်စားတယ်လို့ ဘီဘီစီ ဘင်္ဂါလီဌာနရဲ့ ဌာနမှူး ဆဘီယာ မွတ်ဆတာဖာက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အဲဒီနိုင်ငံတွေအားလုံးက မြန်မာစစ်ခေါင်းဆောင်တွေကို အိုင်စီစီ ပို့ရေးမလိုလားကြတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကလည်း အိုင်စီစီတင်ရေးထက် ဒုက္ခသည်တွေ ပြန်ပို့ရေးကိုသာလိုလားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်လူထု၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးတင်ပြီး အရေးယူ တာမျိုးကို လိုလားကြတယ်လို့လည်း ဆဘီယာ မွတ်ဆတာဖာက ပြောပါတယ်။

သြဂုတ်လ ပဋိပက္ခနောက်ပိုင်းမှာ ရိုဟင်ဂျာ ၇ သိန်းကျော် အိုးအိမ်ပစ်ထွက်ပြေးခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြဂုတ်လ ပဋိပက္ခနောက်ပိုင်းမှာ ရိုဟင်ဂျာ ၇ သိန်းကျော် အိုးအိမ်ပစ်ထွက်ပြေးခဲ့ကြ

အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တိုက်တွန်းချက်

အချက်လက်ရှာဖွေရေးအဖွဲ့ (UNFFM) ရဲ့ အဓိကတိုက်တွန်းချက်က မြန်မာ့တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ စစ်ဆင်ရေး အထူးအဖွဲ့ ၃ က ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် က ဗိုလ်ချုပ် မောင်မောင်စိုး၊ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်၊ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး တို့ကို လူမျိုးတုံးသတ်ဖြတ်မှု(Genocide)၊ လူအမြောက်အမြား အပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against humanity)၊ စစ်ရာဇဝတ်မှု (War crimes) တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖြစ်ပါတယ်။

အဲသလို စစ်ဆေးဖို့အတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (အိုင်စီစီ)သို့မဟုတ် တခြားရာဇဝတ်ခုံရုံးတခုခု ဖွဲ့စည်းဆောင်ရွက်ဖို့ တောင်းဆိုတိုက်တွန်းပါတယ်။

တခြားရာဇဝတ်ခုံရုံး ဆိုတာမျိုးကို ရဝမ်ဒါမှာ International criminal tribunal for Rwanda ၊ ယူဂိုဆလားဗီးယားမှာ International criminal tribunal for Yugoslavia တို့ကို ဖွဲ့စည်းခဲ့ဖူးပါတယ်။

ဒါ့အပြင် ဒုတိယ အချက်အလက်ရှာဖွေရေးအဖွဲ့ ထပ်မံဖွဲ့စည်းဖို့လည်း တိုက်တွန်းထားပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်မှု မုဒိန်းမှုတွေရှိတယ်လို့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်ကစွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, AFP/GETTY

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာတွေကို သတ်ဖြတ်မှု မုဒိန်းမှုတွေရှိတယ်လို့ ကုလအချက်အလက်ရှာဖွေရေးမစ်ရှင်ကစွပ်စွဲ

အိုင်စီစီရဲ့လုပ်ပိုင်ခွင့်

မြန်မာနိုင်ငံဟာ အိုင်စီစီ နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ ကျောရိုးဥပဒေဖြစ်တဲ့ ရောမဥပဒေကို လက်မှတ်ထိုးထားသူ အဖွဲ့ဝင်နိုင်ငံ မဟုတ်ပါဘူး။

နိုင်ငံတကာ ရာဇဝတ် ခုံရုံး အိုင်စီစီဟာ ရောမဥပဒေ ပုဒ်မ ၁၉ အပိုဒ်ခွဲ ၃ အရ အဖွဲ့ဝင်နိုင်ငံတွေဆီကသာ အချက်အလက်တောင်းခံပိုင်ခွင့် ရှိတယ်လို့ မြန်မာအစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံဝန်ကြီးဌာနက သြဂုတ်လ ၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာဟာ အိုင်စီစီ အဖွဲ့ဝင်မဟုတ်လို့ အိုင်စီစီခုံရုံး တင်ခွင့်မရှိဘူးလို့လည်း စောဒကတက်ထားပါတယ်။

ဒါပေမယ့် ရောမဥပဒေပါ တခြားပြဋ္ဌာန်းချက်တွေအရ အဖွဲ့ဝင်နိုင်ငံတခုခုက တောင်းဆိုခဲ့ရင် အိုင်စီစီဟာ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံက လူတွေကို စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာရှိတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်က အိုင်စီစီအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ အခုရိုဟင်ဂျာပြဿနာဟာ မြန်မာနဲ့သာမက ဘင်္ဂလားဒေ့ရှ်နဲ့ပါ ဆက်စပ်သက်ဆိုင်လာတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလာရင် အိုင်စီစီက စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိပါတယ်။ အိုင်စီစီက ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက စကားပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဘာတွေပြောဆို ခဲ့ကြတယ် ဆိုတာကိုတော့ နှစ်ဘက်စလုံးက ထုတ်ဖော်မပြောပါဘူး။

ဒါ့အပြင် အိုင်စီစီဟာ သူ့ကိုယ်ပိုင် အမှုလိုက်ရှေ့နေရဲ့ တောင်းဆိုချက် (Proprio Moutu) နဲ့လည်း စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာအပ်နှင်းနိုင်တယ်လို့ ဦးအောင်ထူးကပြောပါတယ်။ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌ ချားလ်စန်တီယာဂို ကလည်း အိုင်စီစီဟာ စုံစမ်းစစ်ဆေးခွင့်အာဏာကို သူ့ဖာသာ အပ်နှင်းနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အိုင်စီစီလုပ်ပိုင်ခွင့်ဟာ

၁။ ရောမဥပဒေကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံနဲ့ပတ်သက်ပြီး စီရင်ပိုင်ခွင့်ရှိတယ်။

၂။ အဖွဲ့ဝင်နိုင်ငံတခုခုက တိုင်ကြားရင် စီရင်ပိုင်ခွင့်ရှိတယ်။

၃။ အိုင်စီစီအမှုလိုက်ရှေ့နေရဲ့တောင်းဆိုချက်နဲ့ စုံစမ်းစီရင်ပိုင်ခွင့်ရှိတယ်။

ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး

ဓာတ်ပုံ ရင်းမြစ်, ICC

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး

အိုင်စီစီက အရေးယူဖို့ ဘယ်လောက်ဖြစ်နိုင်လဲ

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အကြံပြုချက် အပိုဒ် ၁၀၃ အပိုဒ်ခွဲ (ဍ) မှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံတကာ ဥပဒေတွေကို အသုံးပြုပြီး စစ်ရာဇဝတ်ကောင်တွေအဖြစ် အစွပ်စွဲခံရသူ တွေကို စုံစမ်းစစ်ဆေးမှု၊ တရားစွဲဆိုမှုတွေ လုပ်ဖို့ တိုက်တွန်းထားပါတယ်။ ဒီအချက်ဟာ ကမ္ဘာ့နေရာတိုင်းမှာ တရားစီရင်ခွင့် (Universal Jurisdiction) ကိုအသုံးပြုဖို့ တိုက်တွန်းထားတာ ဖြစ်တဲ့ အတွက် ထူးခြားတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကဆိုပါတယ်။

သြစတြေးလျနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်က သူ့ကို နိုင်ငံတကာ တရားဥပဒေနဲ့အညီ Universal Jurisdiction အသုံးပြု အရေးယူဖို့ တောင်းဆိုတာမျိုးဖြစ်ခဲ့ပါတယ်။ နိုင်ငံအကြီးအကဲ ဆိုင်ရာ ကင်းလွတ်ခွင့်၊ သံတမန်ဆိုင်ရာ ကင်းလွတ်ခွင့်တို့ကို ကိုးကားမှီငြမ်းပြီး သြစတြေးလျရှေ့နေချုပ်က ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားအများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတို့လိုမျိုး အလွန်ကြီးလေးတဲ့ ပြစ်မှုမျိုးဆိုရင် ကင်းလွတ်ခွင့် မရနိုင်ဘူးလို့ ဦးအောင်ထူးကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ အိုင်စီစီနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်သည့်တိုင်အောင် နိုင်ငံခြားတိုင်းပြည်တွေကို ခရီးထွက်ရင် ဖမ်းဆီးအရေးယူခံရတာ ဖြစ်နိုင်တယ်လို့ ဦးအောင်ထူးက ဆိုပါတယ်။

အိုင်စီစီက တရားခံအဖြစ် သတ်မှတ်သူ အားလုံးနီးပါးကို အရေးယူနိုင်ခဲ့တာချည်းပဲလို့လည်း ဦးအောင်ထူးကပြောပါတယ်။

ဒါပေမယ့် ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှီးယားကိုတော့ အခုထိ မဖမ်းဆီး နိုင်ပါဘူး။ အိုမာ အယ်လ် ဘာရှီးယားဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီက ပထမဆုံးစွဲဆိုတာခံရတဲ့ လက်ရှိအာဏာရ သမ္မတ တဦးပါ။ သူ့ကို အာဖရိကသမဂ္ဂက ထောက်ခံကာကွယ်ထားတဲ့အတွက် သူဟာ အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကိုသာ ခရီးသွားနိုင်ပါတယ်။ ကျန်တဲ့ နိုင်ငံတွေကို ခရီးသွားလာတာမျိုး မရှိတဲ့အတွက် ဖမ်းဆီးအရေးယူလို့ မရတာပါ။

စွပ်စွဲချက်များ

သြဂုတ်လ ၂၅ ရက်နောက်ပိုင်း စစ်ဆင်ရေးတွေမှာ လူ တသောင်းထက်မနည်းသေဆုံးခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့က ရေးသားစွပ်စွဲခဲ့ပါတယ်။

"မင်းကြီးရွာ၊ မောင်နုရွာ၊ ချပ်ပြင်ရွာ၊ ဂူတာပြင်ရွာနဲ့ ကိုးတန်ကောက်ကျေးရွာ အုပ်စုအတွင်းက ကျေးရွာတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ မင်းကြီးရွာမှာ အမျိုးသမီးကြီး၊ငယ်တွေကို မုဒိမ်းကျင့်ပြီး တချို့ကို သတ်ဖြတ်ခဲ့တယ်။ အိမ်တွေကို သော့ပိတ်ပြီး မီးရှို့တာတွေလုပ်ခဲ့တယ်။ သတ်ဖြတ်မှုတွေကို တပ်မတော်သားတွေက အဓိကပြုလုပ်ခဲ့ကြပြီး ရခိုင်လူမျိုးတွေလည်း တခါတရံ ပါဝင်ကြပါတယ်။ သတ်ဖြတ်ပြီးတဲ့ အလောင်းတွေကို စစ်ကားတွေနဲ့ သယ်ယူပြီး မီးရှိုခဲ့ပါတယ်။ မီးရှို့ပြီးတဲ့အကြွင်းအကျန်တွေကို အစုအပြုံလိုက် မြှုပ်နှံခဲ့ကြတယ်။"

"တပ်မတော်သားတွေက အစုလိုက်အပြုံလိုက်ဝိုင်းပြီး မုဒိမ်းကျင့်မှုတွေကို အနည်းဆုံး ရွာပေါင်း ၁၀ ရွာမှာ ပြုလုပ်ကျူးလွန်ခဲ့ကြတယ်။ ကိုယ်တိုင်ခံစားခဲ့ရသူ အမျိုးသမီးတယောက်ကတော့ သူဟာ ကံကောင်းလို့ ၃ ယောက်ကပဲ မုဒိမ်းကျင့်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။"

ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ယောက်ျားနဲ့ ကလေးတွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး ယောက်ျားနဲ့ ကလေးတွေကို သတ်ဖြတ်တယ်လို့ စွပ်စွဲ

"ယောက်ျားကြီး၊ ယောက်ျားငယ်တွေကို စစ်တပ်က တောအုပ်ထဲခေါ်သွားပြီး စစ်ကားတွေပေါ်တင်သွားခဲ့ပါတယ်။ သက်ဆိုင်သူ မိသားစုဝင်တွေကတော့ သူတို့ကို ထောင်ထဲမှာ ဖမ်းထားတယ်လို့ ထင်သူရှိသလို အသတ်ခံလိုက်ကြရပြီ လို့လည်း တချို့ကထင်ကြပါတယ်။"

"နယ်မြေရှင်းလင်း စစ်ဆင်ရေးကို တပ်မတော်သားတွေက ဦးဆောင်ပြုလုပ်ပြီး ရဲနဲ့ နယ်ခြားစောင့်ရဲတို့လည်း အတူပါဝင်ကြပါတယ်။ ပြစ်မှုတွေကို အဓိက ကျူးလွန်ခဲ့တဲ့ တပ်မတော်သားတွေဟာ ခြေမြန်တပ်မ ၃၃ နဲ့ ခြေမြန်တပ်မ ၉၉ တို့က ဖြစ်ကြပြီး ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် တိုက်ရိုက်ကွပ်ကဲ အမိန့်ပေးခဲ့ပါတယ်။"

"ARSA အာရ်ကန်ရိုဟင်ဂျာကယ်တင်ရေးတပ်ကလည်း သတင်းပေးအဖြစ် သူတို့ သံသယရှိသူတွေကို ဒါဇင်နဲ့ချီသတ်ဖြတ်ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်ခဲ့တယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်လူမျိုးတွေနေတဲ့ အထက်ပြူးမ ကျေးရွာကို မီးရှို့ခဲ့တယ်။ အစိုးရကတော့ ရိုဟင်ဂျာကျေးရွာတွေကိုလည်း ARSA ကမီးရှို့ခဲ့တယ်လို့ စွပ်စွဲမှုရှိပေမယ့် ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ အနေနဲ့တော့ အဲသလို အထောက်အထားမျိုး မတွေ့ခဲ့ပါဘူး။ ARSA ဟာ ရခိုင်၊ မြိုနဲ့ တခြားလူမျိုးစုတွေအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တချို့ရှိပါတယ်။ ခမောင်းဆိပ် ကျေးရွာမှာ ဟိန္ဒူဘာသာဝင် အမျိုးသား၊ အမျိုးသမီး ၁၀၀ အထိကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း ရှိပါတယ်။ ဒါတွေဟာ ဆက်လက်စုံစမ်းဖို့ လိုအပ်နေဆဲ ကိစ္စတွေ ဖြစ်ပါတယ်။"

"ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာလည်း တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ အရပ်သားတွေကို တိုက်ရိုက် ဦးတည်တိုက်ခိုက်တာ၊ စစ်ဘက်နဲ့ မသက်ဆိုင်ကြောင်းထင်ရှားတဲ့ အရပ်သား လူနေထူထပ်ရာ နေရာတွေမှာ တိုက်ခိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။ အဲသလိုတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှု ဒဏ်ရာရမှုတွေဖြစ်ခဲ့ပါတယ်။ လုယက်တာ၊ ဖျက်ဆီးတာ၊ မီးရှို့တာ၊ မုဒိမ်းကျင့်တာတွေလည်း လုပ်ကြပါတယ်။ တချို့ဖြစ်ရပ်တွေမှာ စစ်သားတွေက ဖမ်းဆီးခေါ်ဆောင်ပြီးမှ အစုအပြုံလိုက် ဝိုင်းဝန်းမုဒိမ်းကျင့်တာမျိုးတွေ လုပ်ကြတာပါ။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလက မုံးကိုးမှာ လူ ၁၀၀ ကျော်ကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။"

မြန်မာ့တပ်မတော်နဲ့ ARSA အပေါ်မှာ အဲသလို စွပ်စွဲချက်တွေ ထည့်သွင်းရေးသားခဲ့သလို လူမျိုးစု လက်နက်ကိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အများစုကို TNLA တအာင်းပြည်သူ့ လွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA တို့ပဋိပက္ခဖြစ်တဲ့နေရာတွေမှာ တွေ့ရတယ်လို့ဆိုပါတယ်။ ကေအိုင်အေနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ တို့ဟာလည်း အရပ်သားတွေကို မထိခိုက်အောင် သတိပြု ရှောင်ရှား ကာကွယ်တာမျိုး လုပ်ဖို့ ပျက်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (UN fact finding mission) ထူထောင်ပြီး အဲဒီအဖွဲ့ရဲ့ တောင်းဆိုချက်နဲ့ အိုင်စီစီပို့ဖို့ ကြိုးစားတဲ့ အမှုတွဲမှာ မြန်မာဟာ ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ဘက်အရာရှိကြီး ၆ ယောက်ဟာလည်း မြန်မာ့သမိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု(Genocide)၊ လူအမြောက်အမြားအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု(Crimes against humanity)၊ စစ်ရာဇဝတ်မှု (War crimes) တွေနဲ့ပတ်သက်ပြီး ပထမဆုံး အစွပ်စွဲခံရတဲ့ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်ကြပါတယ်။