ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်နေပြီလို့ လူ့အခွင့်အရေး မဟာမင်းကြီးဝေဖန်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရိုဟင်ဂျာတွေ နှိပ်ကွပ်ခံနေရတဲ့ ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့တပ်မတော်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖြစ်နေပြီလို့ ရာထူးက အနားယူတော့မယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး ဇာယိ အယ်လ်ဟူစိန်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။
လူ့အခွင့်အရေး မင်းကြီး ဟူစိန်ဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူလို့ လူသိများပါတယ်။ ဒီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ မှတ်ချက်တွေကလည်း ခြွင်းချက်မရှိ ပါနေပါတယ်။
မြန်မာအစိုးရတပ်အတွက် ဆင်ခြေကန်ပေးတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူက ပြင်းပြင်းထန်ထန် ဝေဖန် ပြောလေ့ ရှိပါတယ်။
ဒီတခါ ပြောလိုက်ချိန်မှာတော့ ကုသလမဂ္ဂက မြန်မာ့တပ်မတော် ခေါင်းဆောင် တပ်မှူးကြီးတွေရဲ့ လုပ်ရပ်တွေက လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်ဆိုပြီး ထုတ်ပြန် လိုက်တဲ့အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
အခု ဒီလိုထပ်ပြီး ဝေဖန်လိုက်တဲ့အခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ဆုရသူ ဆိုတဲ့ ဂုဏ်ပုဒ်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ် မပြောနိုင်တဲ့သူ အနေနဲ့ သမိုင်းမှာ တွင်ကျန်တော့မယ် ဆိုတဲ့ အနေအထားလို့ ယူဆနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်ကို ကာကွယ်ပေးနေတာထက် နေအိမ်အကျယ်ချုပ် ပြန်သွားတာက ပိုကောင်းလိမ့်မယ်လို့တောင် မစ္စတာ ဟူစိန်က ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်အတွက် သူက ပြောရေးဆိုခွင့် လုပ်ပေးစရာ မလိုပါဘူး။ သတင်းအမှားတွေ တောင်လိုပုံနေတာလို့ သူပြောစရာ မလိုပါဘူးလို့ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။
ဒေါ်စုအနေနဲ့ တခုခုလုပ်ချင်ရင် လုပ်နိုင်တဲ့ အနေအထားမှာ ရှိတာပါ။ လုံးဝ ငြိမ်နေရင်နေ၊ ဒါမှမဟုတ်ရင် ရာထူးကနေ ထွက်ပစ်လိုက်တာမျိုး လုပ်ဖို့ ကောင်းတယ်လို့လည်း ဘီဘီစီနဲ့ မေးမြန်းခန်းမှာ မစ္စတာ ဟူစိန်က ပြောဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံ ခေါင်းဆောင် ဖြစ်ဖို့ ကြံရွယ်ခဲ့ပေမယ့် ဒီအနေအထား မဖြစ်ခဲ့ဘူးလို့ ပြောရင်တောင် ရပါတယ် လို့လည်း သူက ဆိုပါတယ်။
စစ်အစိုးရခေတ်မှာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် နေခဲ့ရတဲ့ သက်တမ်းက ၁၆ နှစ်လောက် ရှိပါတယ်။
နိုဘယ်ဆု ကော်မတီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးဆု ပေးထားတာကို ပြန်ရုပ်သိမ်းလို့ မရဘူးလို့ ပြောထားပါတယ်။
စစ်တပ်ကို သူထိန်းချုပ်လို့ မရဘူးလို့ ဒေါ်စုက ပြောခဲ့ပေမယ့် စစ်တပ်ရဲ့ ရက်စက်မှုတွေကို ရှုတ်ချဖို့ နိုင်ငံတကာက တောင်းဆိုတဲ့ ဖိအားတွေကလည်း ရှိနေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး သူရဲကောင်း စစ်အာဏာရှင် စနစ်ကို တွန်းလှန်သူလို့ နှစ်တွေနဲ့ချီပြီး နိုင်ငံတကာက သိခဲ့ကြတာ ဖြစ်ပါတယ်။
၂ဝ၁၂ ခုနှစ်မှာ ရိုဟင်ဂျာ ပဋိပက္ခတွေ စဖြစ်လာပြီးနောက် မွတ်ဆလင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်၊ အစိုးရ အနေနဲ့ ဒီအဓိကရုဏ်းတွေ အမြန်အေးငြိမ်းအောင် ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါဟာ အာဏာရှင် အောက်မှာ ဖိနှိပ်ခံရတာတွေရဲ့ ရလဒ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂ဝ၁၅ မှာ သူ ရွေးကောက်ပွဲ နိုင်လို့ ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီးနောက် သူ့ရဲ့ မှတ်ချက်တွေက ပြောင်းလာပါတယ်။
လူတွေက တကယ်ဖြစ်တာထက် ပိုပြောနေတယ် ဆိုတာမျိုး သူ့ဆီက ပြောလာပါတယ်။
လူမျိုး ရှင်းလင်းသုတ်သင်မှုတွေ ဖြစ်မနေပါဘူး ၊ ဒီလို စကားသုံးနှုန်းတာကိုက တကယ်ဖြစ်နေတာနဲ့ စာရင် သိပ်ပြင်းထန်လွန်းပါတယ်လို့ ဘီဘီစီနဲ့ မနှစ်က နောက်ဆုံးတခေါက် တွေ့ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
၂ဝ၁၇ မှာ နောက်ဆုံးတခေါက် အဓိကရုဏ်းတွေ ပြန်ဖြစ်လာပြီးနောက် ဒီအကြောင်း ဒေါ်အောင်ဆန်းစုကြည် လူသိရှင်ကြား ပြောတာ သိပ် မရှိတော့ပါဘူး။
သတင်းမှားတွေ တောင်လိုပုံပြီး ပဋိပက္ခကို ပုံဖျက်ရေးသားနေတယ်၊ ဒီနယ်မြေမှာ ဒုက္ခရောက်နေသူ အားလုံးအတွက် သူခံစားရတယ် ဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, K.M. ASAD
မြန်မာ အစိုးရ အနေနဲ့ ရခိုင်က လူ့အသိုင်းအဝိုင်း အားလုံးအတွက် ရေရှည်ခံမယ့် ဖြေရှင်းချက်ရဖို့ ကြိုးစားနေပါတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။
မြန်မာ့တပ်မတော်က ဒီလို စနစ်တကျ လူမျိုး ရှင်းလင်းမှုတွေ လုပ်နေပါတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
တနင်္လာနေ့က ထုတ်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအဓိကရုဏ်းတွေကို တားဆီးဖို့ ပျက်ကွက်တယ်လို့ ရေးသား ထားပါတယ်။








