တာဝန်ရှိတဲ့သူတွေ တာဝန်ခံရမယ်လို့ ဂူတားရက်စ်ပြော

လုံခြုံရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ မြန်မာနိုင်ငံက ရခိုင်အရေးနဲ့ ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးခဲ့ ပါတယ်။

ဒီအစည်းအဝေးကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗြိတိန်က ကမကထလုပ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်၊ ဘင်္ဂလား ဒေ့ရှ် နယ်စပ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သံအမတ် လည်းဖြစ်၊ မင်းသမီးလည်းဖြစ် Cate Blanchettတို့နဲ့ အတူ တရုတ်၊ ရုရှား၊ အမေရိကန်စတဲ့ နိုင်ငံတွေ အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် တို့လည်း ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သံအမတ် ၊ဟောလီးဝုဒ် မင်းသမီး Cate Blanchett

ဒီလိုဆွေးနွေးခဲ့ရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ အပေါ် မူတည်ပြီး အဖွဲ့ဝင်နိုင်ငံတွေက တုံ့ပြန့် ဆွေးနွေး သွားကြပါတယ်။

ကချင်၊ ရှမ်းနဲ့ ရခိုင် ပြည်နယ်တွေမှာ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ အပေါ်မှာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် ဒီအပေါ်မှာ တပ်မတော် ခေါင်းဆောင်တွေက တာဝန်ယူရမယ် ဆိုပြီး အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ သြဂုတ်၂၇ရက် က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားပါတယ်။

အချက် အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ မစ္စတာ ဂူတားရက်စ် က ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေအပေါ် တာဝန်ရှိတဲ့သူတွေက တာဝန်ခံရမယ်လို့ ပြောပါ တယ်။

ဒါ့အပြင် တိုင်းရင်းသား လူမျိုးစုအားလုံးနဲ့ စစ်မှန်တဲ့ ပြန်လည်ရင်ကြားစေ့နိုင်ဖို့၊ ဒေသတွင်း လုံခြုံတည်ငြိမ်ဖို့ ဆိုရင် တာဝန်ခံမှု ရှိဖို့လိုပါတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ထပ်ခါတလဲလဲ တောင်းဆိုနေပေမယ့် လုံခြုံရေး ကောင်စီ အပါအဝင်၊ ကုလသမဂ္ဂလူ့အခွင့် အရေးအဖွဲ့တွေ၊ ဒီအဖွဲ့အစည်းတွေရဲ့ လုပ်ထုံး လုပ်နည်းတွေနဲ့ မြန်မာက ပူးပေါင်း ဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သံအမတ် လည်းဖြစ်၊ မင်းသမီး လည်းဖြစ်တဲ့ Cate Blanchettက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် စခန်းကို သွားရောက် ရာမှာ သူတွေ့ဆုံ စကားပြောခဲ့တဲ့ ဒုက္ခသည်တွေရဲ့ အတွေ့အကြုံကို မူတည် ဆွေးနွေးပါတယ်။

သူနဲ့ စကားပြောရတဲ့ ဒုက္ခသည် အများစုက မြန်မာနိုင်ငံကို သူတို့ နိုင်ငံလို့ သတ်မှတ်ထား ပေမယ့် သူတို့တွေက အိမ်ပြန်ဖို့ အတွက် တကယ့်ကို ကြောက်နေပြီး လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်လုပ်ခွင့်၊ လက်ထပ် ထိမ်းမြားခွင့်၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း သူတို့ ငြင်းပယ်ခံနေရပါတယ် လို့ Cate Blanchettက ပြောပါတယ်။

လုံခြုံရေးကောင်စီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကုလဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီဟေလီ

အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂ သံအမတ် နစ်ကီဟေလီက အချက် အလက် ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာဟာ နည်းလမ်းတကျ လုပ်ဆောင်ခဲ့တယ်ဆိုပြီး အစီရင်ခံစာ အချက်အလက်တွေကို ကိုးကား ဆွေးနွေးပါတယ်။

ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေတွေက အစီအစဉ်တကျ လုပ်ဆောင်တာ ဖြစ်သလို ဒီကိစ္စတွေအပေါ် တာဝန်ရှိတဲ့သူက စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ဒီအပေါ် တာဝန်ခံဖို့ သူက တောင်းဆိုပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက မြန်မာအပေါ် ဖိအားပေးတာက အဖြေတခု မဟုတ်ဘူးလို့ တုံ့ပြန် ဆွေးနွေးပါတယ်။

အဲဒီနောက် တခြားအဖွဲ့ဝင်နိုင်ငံတွေလည်း မြန်မာရဲ့ အခြေအနေအပေါ် ဆွေးနွေးကြပါ တယ်။

အဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးခဲ့အပြီးမှာ မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ရခိုင်အရေးဟာ ရှုပ်ထွေးတဲ့ ကိစ္စတခုဖြစ်တဲ့အကြောင်း၊ ရခိုင် အရေးကိစ္စကို ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေး အဖွဲ့ကို ဖွဲ့စည်းခဲ့တဲ့အကြောင်း၊ အာဆာအဖွဲ့က အစီအစဉ်တကျနဲ့ ရဲကင်းတွေကို စတင်တိုက်ခိုက်ခဲပြီး နိုင်ငံ တကာရဲ့ အာရုံစိုက်မှု ရအောင်ကြိုးပမ်းခဲ့ကြောင်း ဒီအရေးကို ဖြေရှင်း နေသလို ကုလသမဂ္ဂအဖွဲ့ တွေနဲ့လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အချက် အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဘက်လိုက်မှုကို သံသယရှိတာကြောင့် ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို လက်ခံမှာ မဟုတ်ဘူးလို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။

ဒီအစီရင်ခံစာထုတ်လာတဲ့အချိန်အပေါ် တကယ့်ကို သံသယဖြစ်မိကြောင်း ၊ စက်တင်ဘာ ၁၈ ရက်နေ့ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းရမှာ ဖြစ်ပေမယ့် လုံခြုံရေးကောင်စီ မြန်မာအရေး ဆွေးနွေးပွဲ မတိုင်ခင် ထုတ်ပြန်လိုက်တာကြောင့် အချက်အလက် ရှာဖွေရေးအဖွဲ့ရဲ့ ဓမ္မဒိဠာန် ကျမှု ဘက်လိုက်မှု ရိုးသားမှုတွေက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် ရခိုင်အရေးကိုလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ပူးတွဲ ဖြေရှင်းနေတယ်လို့ သူက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်ကလည်း မြန်မာနဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေကို လက်တွဲ ဆောင်ရွက်သွားဖို့ အသင့်ရှိနေသလို ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူနိုင်အောင် နိုင်ငံတကာ ရာဇဝတ် တရားရုံး အဖွဲ့၀င် ဖြစ်တဲ့ အတွက် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဆွေးနွေးသွားပါတယ်။