ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှု စစ်ခေါင်းဆောင်များ တရားဥပဒေ ရင်ဆိုင်ရမယ်လို့ အေအိုင်ပြော

ဓာတ်ပုံ ရင်းမြစ်, Screenshot of AI report
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စစ်ဘက်နဲ့ လုံခြုံရေး ဆိုင်ရာ ခေါင်းဆောင် ၁၃ ဦးတို့ဟာ လူသား ဖြစ်တည်မှု အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ သက်သေတွေ ရထားတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာအဖွဲ့ (အေအိုင်)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အေအိုင်က ပြောတဲ့ ခေါင်းဆောင် ၁၃ ဦး စာရင်းမှာ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင် ၁၀ ဦးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အရာရှိ ၃ ဦးတို့ ပါဝင်နေပါတယ်။
ဒီအထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ ပါဝင်ပြီး ရခိုင်ပြည်နယ် ဆိုင်ရာ စစ်တိုင်းမှူးတွေ နယ်စပ် လုံခြုံရေး အရာရှိတွေကိုလည်း ထည့်သွင်းထားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၉ လကြာ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဇွန် ၂၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မြန်မာပြည်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး (အိုင်စီစီ)မှာ စုံစမ်းတရားစွဲဆိုဖို့လည်း အေအိုင်အဖွဲ့က တောင်းဆိုထားပါတယ်။
ဒါအပြင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) လက်နက်ကိုင်အဖွဲ့ရဲ့ မတော်မတရား လုပ်ဆောင်မှုတွေကိုလည်း အသေးစိတ် အစီရင်ခံစာမှာ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အေအိုင်အဖွဲ့ရဲ့ သုတေသနမှူး Laura Haighက ဩဂုတ်လက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ မြန်မာ့ တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ရိုဟင်ဂျာတွေ အပေါ် စနစ်တကျ နှိပ်ကွပ်မှုတွေကို လူတွေ့မေးမြန်းချက်တွေအပေါ်မှာ မူတည် ရေးထားတာလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေး တာဝန်ခံတွေထဲက ဗိုလ်ချုပ်ကြီး ၂ ဦးကို ရာထူးက ထုတ်ပယ်တာ အနားယူစေတာ စသဖြင့် တပ်မတော်ဘက်က ဆောင်ရွက်ခဲ့တာတွေ ရှိခဲ့ပေမယ့် အခုလို ထုတ်ပယ်ပစ်ရုံနဲ့ ရာဇဝတ်မှု စုံစမ်းဖော်ထုတ်မှုကို အစားထိုးလို့မရဘူးလို့လည်း သူက ပြောပါတယ်။
ဒါအပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ပြစ်မှုကျူးလွန်သူတွေ အများကြီး ရှိနေသေးသလို ရခိုင်ကိစ္စတင်မဟုတ်ဘဲ ရှမ်း၊ ကချင် ပြည်နယ် တွေမှာလည်း တိုင်းရင်းသား အရပ်သားတွေအပေါ်မှာ ကျူးလွန်တာတွေ ရှိလို့ အစီရင်ခံစာ ထုတ်ပြန်တာလို့ သုတေသနမှူး Laura Haighက ရှင်းပြပါတယ်။
ဒီအစီရင်ခံစာကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ အိုင်စီစီတို့ကို ပေးပို့သွားမယ် လို့လည်း ဆိုပါတယ်။








