ဥရောပ သမဂ္ဂ က အရေးယူမှု ထုတ်ပြန်ပြီးနောက် ရခိုင်အရေး တာဝန်ရှိသူ စစ်ဗိုလ်ချုပ် ၂ ဦးကို တပ်မတော်က ထုတ်ပယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ရခိုင်ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့တယ် ဆိုပြီး EU ဥရောပ သမဂ္ဂ က ဒဏ်ခတ် အရေးယူ ခံခဲ့ရသူ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်မှ ထုတ်ပယ်လိုက်ပါတယ်။
ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ ပတ်သက်ပြီး အဓိက တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်ရာမှာ အားနည်းချက်တွေ ရှိနေတဲ့အတွက် ဗိုလ်ချုပ် မောင်မောင်စိုးကို လိုအပ်သလို စိစစ် ဆောင်ရွက်နိုင်ဖို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ရက်နေ့မှာ အရန်အင်အား စာရင်းတင်သွင်း ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့မှာ တာဝန် ဆက်လက် ထမ်းဆောင်ခွင့် ရပ်နားခဲ့ပါတယ်။
ရခိုင်ဒေသမှာ ၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ ဖြစ်စဉ်နဲ့ ၂၀၁၇ခုနှစ် သြဂုတ်လ ၂၅ရက်နေ့ကနေ စက်တင်ဘာလ ၅ရက်နေ့အထိ ဖြစ်စဉ်တွေမှာ လိုအပ်သလို စီမံ ဆောင်ရွက်နိုင်မှု အားနည်းကြောင်း စိစစ် တွေ့ရတဲ့အတွက် ဗိုလ်ချုပ် မောင်မောင်စိုးကို ၂၀၁၈ခုနှစ် ဇွန်လ ၂၅ရက်နေ့မှာ တပ်မတော်ကနေ ထုတ်ပယ်လိုက်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖေါ်ပြထားပါတယ်။
EUရဲ့ ဒဏ်ခတ် အရေးယူခံရသူတွေထဲမှာ ပါဝင်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကိုလည်း မိမိသဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့် ပြုထားပြီး ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
အလားတူ ဖြစ်စဉ်တွေမှာ တာဝန်ယူ ဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ ရှိခဲ့တဲ့အပြင် ကျန်းမာရေး ချို့ယွင်းမှုကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကို တခြားတာဝန် တခုကို လွှဲပြောင်း တာဝန် ထမ်းဆောင်စေခဲ့ပေမယ့် ကျန်းမာရေး ထပ် အားနည်းလာမှု၊ တာဝန်ထမ်းဆောင်မှု အပိုင်းမှာ အားနည်းချက်တချို့ ထပ်မံ တွေ့ရှိခဲ့မှုတွေ ရှိခဲ့ပြီး မိမိ သဘောဆန္ဒ အလျောက် နုတ်ထွက်ခွင့် တင်ပြလာတဲ့အတွက် ၂၀၁၈ခုနှစ် မေလ ၂၂ရက်နေ့မှာ တပ်မတော်ကနေ မိမိသဘော ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာ အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သလို နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေကိုလည်း လိုအပ်နေတဲ့ အရပ်သားတွေဆီ မရောက်အောင် ဟန့်တားခဲ့တယ် ဆိုပြီး မြန်မာ စစ်ဘက်နဲ့ ရဲဘက် အရာရှိ ၇ ဦးအပေါ် EU ဥရောပ သမဂ္ဂက ပိတ်ပင် ကန့်သတ်တဲ့ အရေးယူမှုတွေကို ဒီကနေ့ ဇွန်လ ၂၅ ရက်မှာ တရားဝင် ချမှတ် လိုက်ခဲ့ အပြီး နာရီပိုင်းအကြာမှာပဲ ဗိုလ်ချုပ် မောင်မောင်စိုးကို တပ်မတော်ကနေ ထုတ်ပယ်လိုက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်လိုက်တာပါ။








