ရိုဟင်ဂျာအရေး ဇူလိုင်မှာ ဖြေရှင်းဖို့ ICC ရက်သတ်မှတ်

ဘင်္ဂလားဒေ့ရှ်,ရိုဟင်ဂျာ, ဒုက္ခသည်,အိုင်စီစီ
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခုကို မြင်တွေ့ရစဉ်

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ကြားနာ စစ်ဆေးနိုင်ဖို့အတွက် တုံ့ပြန်မှုတွေ ပြုလုပ်ဖို့ မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC က ရက်သတ်မှတ်ပေးထားပါတယ်။

ဇူလိုင် ၂၇ ရက် နောက်ဆုံးထား တုံ့ပြန်မှု ပြုလုပ်ဖို့ သတ်မှတ်ထားတာလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာဘက်က ရိုဟင်ဂျာတွေကို နှင်မထုတ်ဘူးလို့ အကြိမ်ကြိမ် ပြောထားခဲ့ပေမယ့် အခုလို နောက်ဆုံးထား တုံ့ပြန်ဖြေရှင်းဖို့ ဧပြီလကတည်းက သတ်မှတ်ပေးထားတာလို့ ကြာသပတေးနေ့က ပြုလုပ်တဲ့အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

နှင်ထုတ်မှုနဲ့ပတ်သက်တဲ့ ရာဇဝတ်ဆိုင်ရာ စွပ်စွဲချက်တွေ စတင်ကြားနာ စစ်ဆေးနိုင်ဖို့အတွက် မြန်မာဘက်က သင့်တော်တဲ့ အရည်အချင်းရှိတဲ့ ရှေ့နေရဲ့ ဖြေရှင်းချက် လိုအပ်နေတယ်လို့ ICC က ထည့်သွင်းစဉ်းစား ဆုံးဖြတ်ထားကြောင်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံးဖြစ်တဲ့ ICC အနေနဲ့ မြန်မာကို တရားစီရင်ပိုင်ခွင့် အခွင့်အာဏာတော့ ရှိတာ မဟုတ်ပါဘူး။ ဒါကလည်း မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်လို့ပဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်, ရိုဟင်ဂျာ ၆ သိန်းကျော်,ကုလသမဂ္ဂပြော
ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၆ သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂပြော

ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ တောင်းဆိုမလားဆိုပြီး တရားလို ရှေ့နေဘက်က တောင်းဆိုလာတာပါ။

ရှေ့နေ Fatou Bensouda ကတော့ လူတွေကို နယ်ခြားတဘက်စီရောက်အောင်လုပ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ ICC ရဲ့ တရားစီရင်မှုဟာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ အညီပဲ ဖြစ်သင့်တယ်လို့ ထောက်ပြပါတယ်။

မြန်မာဘက်ကတော့ မွတ်ဆလင်တွေ မောင်းထုတ်ခဲ့ခြင်း မရှိဘူးလို့ ယခင်ကတည်းက သတင်းထုတ်ပြန်ထားသလို မွတ်ဆလင်တွေ ပြန်လာနိုင်ရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ဧပြီလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာကို ခွဲခြားဆက်ဆံမှုတွေလုပ်နေတယ်ဆိုပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဘူဂနာနဲ့ ဇွန်လ ဒုတိယပတ်က တွေ့ဆုံစဉ် ပြောဆိုထားပါတယ်။

တပ်ချုပ် မင်းအောင်လှိုင်,ကုလသမဂ္ဂ, မစ္စဘူဂနာ

ဓာတ်ပုံ ရင်းမြစ်, Senior General Min Aung Hlaing Facebook

ဓာတ်ပုံ ပုံစာ, တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စဘူဂနာ