စကော့တလန် ရေနံ မြန်မာကို စိတ်ဝင်စား

oil_myanmar

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ် မဒေးကျွန်းက ရေနံဆိပ်ကမ်း

ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စကော့တလန် ရေနံ ကုမ္ပဏီ အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံကို ဒီတပတ်ထဲ သွားဖို့ ရှိပါတယ်။

ဒီကိုယ်စားလှယ် အဖွဲ့မှာ Aggreko စွမ်းအင် ကုမ္ပဏီနဲ့ Wood Group၊ Asco နဲ့ Bibby Offshore စတဲ့ ရေနံနဲ့ ဓာတ်ငွေ့ လုပ်ငန်း ကုမ္ပဏီတွေ ပါပါတယ်။

မြန်မာ စွမ်းအင် ဝန်ကြီးသစ် ဦးဖေဇင်ထွန်းနဲ့ သူတို့ တွေ့ဖို့ ရှိသလို မြန်မာပြည်မှာ ရေနံ လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီ တွေကိုလည်း တွေ့ဖို့ ရှိပါတယ်။

စကော့တလန် မြောက်ဘက်က မြောက်ပင်လယ် ဒေသမှာလိုပဲ မြန်မာနိုင်ငံမှာ မဖော်ထုတ် ရသေးတဲ့ ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ အလျှံပယ် ရှိနေတယ် လို့ ရေနံ ကုမ္ပဏီ အဖွဲ့ထဲက Scottish Enterprise ကုမ္ပဏီက ပြောပါတယ်။

မြန်မာ အစိုးရက ပြည်ပ အရင်းအနှီး နည်းပညာ တွေနဲ့ ပြည်တွင်း ရေနံ လုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ချင် နေတယ် လို့လည်း စီးပွားရေး ဖွံ့ဖြိုးမှု အေဂျင်စီ အဖွဲ့က ဆိုပါတယ်။

oil burma

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘီအိုစီ ခေတ်က လုပ်ကိုင်ခဲ့တဲ့ ချောက်ရေနံမြေ

မြန်မာ နဲ့ စကော့တလန်ကြားမှာ ဘီအိုစီ ကုမ္ပဏီ ခေတ်ကတည်းက ရေနံလုပ်ငန်း လုပ်ကိုင်ခဲ့ကြတာလို့ ဒီအဖွဲ့ကို ခေါင်းဆောင်တဲ့ Scottish Enterprise က မစ္စ လီနာ ဝီလ်ဆင်က ပြောပါတယ်။

မြန်မာ နိုင်ငံ အထက်ပိုင်းကို ဗြိတိသျှ တွေ သိမ်းပြီးနောက် ၁၈၈၆ မှာ ဘီအိုစီ ကုမ္ပဏီက စတင် လုပ်ကိုင် ခဲ့တာပါ။

"မြန်မာနိုင်ငံ လက်ရှိ အနေအထားဟာ ၁၉၇ဝ ပြည့်လွန်နှစ်တွေ တုန်းက စကော့တလန် ရေနံ လုပ်ငန်းတွေ အားယူခဲ့တဲ့ အနေအထားနဲ့ ဆင်တူတယ်" လို့လည်း သူက ဆိုပါတယ်။

မြန်မာ ကိုယ်စားလှယ် အဖွဲ့ စကော့တလန် က အဘာဒင်းမြို့က ရေနံ လုပ်ငန်းတွေကို မနှစ်က လာရောက် လေ့လာခဲ့ပြီးနောက် ခုလို စကော့တလန် ဘက်က သွားတာ ဖြစ်ပါတယ်။