NCA ထဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့က သူတစ်ဦး တရားစွဲခံရ

ဓာတ်ပုံ ရင်းမြစ်, epa
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP က ပြန်ကြားရေး ဌာနက တာဝန်ခံ တစ်ဦးကို တပ်မတော်ကို အသေရေဖျက် လို့ ဆိုပြီး အစိုးရ စစ်တပ်က တရားလို လုပ် တရားစွဲ လိုက်ပါတယ်။
ဒါဟာ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့က တာဝန်ရှိသူကို ပထမဆုံး အကြိမ် စတင် တရား စွဲဆို လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ထဲက စစ်ပွဲ တွေအတွင်း အစိုးရတပ်ဘက်က အရပ်သားတွေ အပေါ် ကျူးလွန် နေတာ တွေဟာ ကုလသမဂ္ဂ ဂျနီဗာ စာချုပ်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ALP က ကြေညာချက် ထုတ်ခဲ့တဲ့ အတွက် အခုလို တုံ့ပြန်လာတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ALP ပါတီရဲ့ ပြန်ကြားရေး ဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို ဒကစ ဌာနချုပ်မှ စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး တင်နိုင်ထွန်းက စစ်တွေမြို့နယ် တရားရုံးမှာ တရားလိုလုပ်ပြီး တရားစွဲ လိုက်တာ ဖြစ်ပါတယ်။
ဧပြီလ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ALP ပါတီရဲ့ ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ် အတွင်း ရခိုင်တပ်မတော် အေအေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အစိုးရ စစ်တပ်က ပေါ်တာ ဆွဲ အဓမ္မ လုပ်အား ခိုင်းစေတာ၊ ရွာသားတွေကို လူသားဒိုင်းကာ တွေ အဖြစ် အသုံးပြုတာ စတဲ့ လုပ်ရပ်တွေဟာ ဂျီနီဗာ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ကိုယ်စားလှယ် အဖွဲ့ကတော့ မေလ ၉ ရက်နေ့ တနင်္လာနေ့က စစ်တွေမြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။
ဒီလို တွေ့ဆုံ ခဲ့ပေမယ့် စစ်တပ်ဘက်က တရားစွဲထားတာကို ရုပ်သိမ်းမလား၊ ဆက်တရားစွဲ မလား ဆိုတာကိုတော့ မသိရှိရသေးဘဲ ညှိနိုင်နေတုန်း ဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။




