ရခိုင် စစ်ဘေး ဒုက္ခသည် ၇၀၀ ကျော်ရှိနေပြီ

_rakhine_refugees
ဓာတ်ပုံ ပုံစာ, ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ် တွေထဲ ရောက်ရှိ လာကြတဲ့ စစ်ဘေး ဒုက္ခသည် အယောက် ၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း အစိုးရ စစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် အေအေ အဖွဲ့ကြား ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ တွေ ကြောင့် မိမိတို့ရဲ့ အိုးအိမ်တွေ ကို စွန့်ခွာ ထွက်ပြေးပြီး ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ် တွေထဲ ရောက်ရှိ လာကြတဲ့ စစ်ဘေး ဒုက္ခသည် အယောက် ၇၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒုက္ခသည် ၃၀၀ ကျော် ရောက်ရှိ နေတဲ့ ဘူးသီးတောင်မြို့နယ် ထဲက စည်တောင် ရွာမှာဆိုရင် သောက်သုံးရေ ရေကန် တွ ဟာ ရွာခံ တွေ နဲ့ ထပ်တိုး ဒုက္ခသည် တွေ အတွက် မလောက်မငှ ဖြစ်နေပြီး သောက်ရေ ပြတ်လပ် နိုင်တဲ့ အန္တရာယ် ကြုံနေရတယ် လို့ ရွာသားတွေက ဘီဘီစီကို ပြောပါတယ်။

ကျောက်တော်မြို့နယ် သလူချောင်းမှာလည်း စစ်ဘေးဒုက္ခသည် အယောက် ၆၀ ကျော် ရောက်နေတယ်လို့လည်း ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒုက္ခသည် တွေကို ကိုယ့်နေရပ်ရင်း အမြန်ဆုံး ပြန်နိုင်ဖို့ရာ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ မကြာခင် အေးငြိမ်းသွားမယ်လို့ မျှော်လင့်ကြောင်း ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး တစ်ဦး ဖြစ်တဲ့ စည်ပင် ဝန်ကြီး ဦးမင်းအောင် က ဘီဘီစီကို ပြောပါတယ်။

တိုင်းပြည်ကို လက်ရှိ ဦးဆောင် နေသူဟာ ငြိမ်းချမ်းရေး လမ်းကြောင်း အပေါ် အမြန်ဆုံး ရောက်သွားအောင် ကြံဆောင် နိုင်မယ်လို့ မျှော်လင့်တယ် ဆိုပြီးတော့လည်း ဝန်ကြီး ဦးမင်းအောင် က ဆိုပါတယ်။

အရင်အစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက် တုန်းကလည်း တိုင်းရင်းသား ဒေသတွေတွင်း စစ်ပွဲ တွေ နဲ့ ပတ်သက်ပြီး အစိုးရ ရဲ့ ဩဇာဟာ အစိုးရ စစ်တပ် အပေါ် မသက်ရောက် နိုင်တဲ့ အတွက် စစ်ပွဲ တွေ ဆက်လက် ရှိနေခဲ့တာ ဆိုတဲ့ သုံးသပ်မှု တွေ ရှိခဲ့ပါတယ်။

ဒါ့ကြောင့် အခုလို အရပ်သား တွေ အများစု ဖြစ်လာတဲ့ အစိုးရသစ် လက်ထက်မှာ ရော အစိုးရ နဲ့ စစ်တပ် တသားတည်း ထပ်တူကျပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်နိုင်ဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ စိုးရိမ်မှု တွေ ရှိနေပါတယ်။