AA ရခိုင်တပ်နဲ့ အစိုးရတပ် တိုက်ပွဲပြင်းထန်

ရခိုင့် တပ်မတော် AA နဲ့ အစိုးရတပ်တွေ ဧပြီလ ၂၀ ရက် မနက်က စပြီး ညနေပိုင်း အထိ တိုက်ပွဲတွေ ဖြစ်နေ ပါတယ်။
အခုလ ၁၆ ရက်နေ့က စပြီးတိုက်ပွဲတွေ ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော် စတဲ့ မြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေမှာ တိုက်ပွဲ ဖြစ်ပွား နေတာလို့ AA ပြောရေး ဆိုခွင့်ရှိသူ ဦးခိုင်သုခက ဘီဘီစီကို ပြောပါတယ်။
အစိုးရ စစ်တပ်ဖက်က AA ရခိုင့် တပ်မတော်ကို ထိုးစစ်တွေ ဆင်ပြီးတိုက်ခိုက်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အနီးကပ် တိုက်ခိုက်တာတွေ ရှိသလို အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။
နှစ်ဘက် ထိခိုက်သေဆုံးမှု တွေလည်းရှိရာမှာ ဧပြီလ ၁၆ ရက်နေ့က တိုက်ပွဲအတွင်း ခလရ ၂၃၂ က တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်း ကျဆုံးတယ် ဆိုတာ အစိုးရ ဘက်က ထုတ်ပြန်ထားပြီး သူအပါအဝင် အစိုးရ တပ်ဖက်က ၂၀ ကျော် ကျဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ လည်း ဦးခိုင်သုခက ပြောပါတယ်။
AA ဘက်ကတော့ အသေးစား ထိခိုက်ဒဏ်ရာရတာတွေပဲ ရှိပြီး ကြီးကြီးမားမား ဒဏ်ရာ ရတာနဲ့ ကျဆုံးတာတော့ မရှိဘူးလို့ သူကဆိုပါတယ်။
ဒါနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
အစိုးရ စစ်တပ်ဖက်က တပ်ရင်းမှူး ဗိုလ်မှူး မျိုးမင်းထွန်းဦးဆောင်တဲ့ စစ်ကြောင်းက AA တပ်တွေ ရဲ့ အမှတ်၂ စစ်ဒေသကို ထိုးဖောက် ဝင်ရောက်လာရာက တိုက်ပွဲတွေ ဖြစ်တာလို့ ဦးခိုင်သုခက ပြောပါတယ်။








