ကျောက်မျက် ဥပဒေကို လူထောင်ချီ ဆန္ဒပြ

pharkant_jade
ဓာတ်ပုံ ပုံစာ, စွန့်ပစ် မြေစာပုံ ပြိုကျလို့လည်း ဖားကန့်ဒေသ မှာ လူတွေ အစုလိုက် သေဆုံးမှု တွေ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မကြာခန ဆိုသလို ပေါ်ပေါက် ခဲ့ပါတယ်။

မြန်မာ နိုင်ငံမှာ ကျောက်မျက် ရတနာ တူးဖော်ခွင့်ကို လေလံ စနစ်နဲ့ နှစ်ရှည် လုပ်ငန်း လိုင်စင် ချပေးခွင့် ပြုထားတဲ့ လက်ရှိ ကျောက်မျက် ဥပဒေ အပေါ် ပြန်လည် သုံးသပ် ပြင်ဆင်မှုတွေ ပြုလုပ် ပေးဖို့ ဖားကန့် ဒေသခံတွေ ဧပြီလ ၂ ရက်နေ့ တုန်းက ကန့်ကွက် ဆန္ဒပြ ခဲ့ကြတာ မှာ လူထောင်ချီ ပါဝင် ခဲ့ ပါတယ်။

အရင် လွှတ်တော် သက်တမ်း ကုန်ကာနီး နောက်ဆုံး ရက်ပိုင်း မှာ အတည်ပြု ခဲ့တဲ့ ကျောက်မျက် ဥပဒေ ဟာ သာမန် ပြည်သူတွေ အတွက် လုပ်ကိုင်ဖို့ ခက်ခဲ စေပြီး ကုမ္ပဏီ ကြီးတွေ အတွက်သာ အကျိုးများ စေတယ် လို့ ဖားကန့် ဒေသခံ ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖော်ဒေးရှင်း အသင်းက ဆိုပါတယ်။

ဒါ့ကြောင့် လာမယ့် သင်္ကြန်တွင်း ကာလ လွှတ်တော် အစည်းအဝေးတွေ မရပ်နားခင် မှာ ကျောက်မျက် ဥပဒေ ကို ပြန်လည် စိစစ် သုံးသပ်တာ တွေ စတင် ဆောင်ရွက် ဖို့ ဆန္ဒပြသူတွေ အနေနဲ့ လိုလားတယ် လို့လည်း ပြောပါတယ်။

ဖားကန့် ဒေသမှာ ကျောက်စိမ်း မိုင်းတွင်း ကုမ္ပဏီ ကြီးတွေ အနေနဲ့ စက်ယန္တရား အရေအတွက် အလွန်အကျွံ သုံးစွဲပြီး ထုတ်ယူ နေတယ် ဆိုတဲ့ သတင်း အပေါ် အရင် အစိုးရ လက်ထက် တုန်းကလည်း ကွင်းဆင်း စစ်ဆေးမှု တွေ ပြုလုပ် ပြီး ကချင် ပြည်နယ် အဆင့် အာဏာပိုင် တချို့လည်း အရေးယူ ခံခဲ့ ရပါတယ်။

ဒါပေမယ့် လက်တွေ့မှာတော့ ကုမ္ပဏီ ကြီးတွေဟာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပြီး စက်ယန္တရား အရေအတွက် သိသိသာသာ လျော့ကျ သွားတာမျိုးလည်း မတွေ့ရဘူးလို့ ကချင် အမျိုးသား လူမှု ဖွံ့ဖြိုးရေး ဖော်ဒေးရှင်းရဲ့ ဥက္ကဌ ဦးလဒေါင်က ဘီဘီစီ ကို ပြောပါတယ်။

ကုမ္ပဏီကြီးတွေ ရဲ့ မိုင်းတွင်း တွေ ကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီး နေပြီး၊ စွန့်ပစ် မြေစာပုံ ပြိုကျလို့လည်း ဖားကန့်ဒေသ မှာ လူတွေ အစုလိုက် သေဆုံးမှု တွေ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း မကြာခန ဆိုသလို ပေါ်ပေါက် ခဲ့ပါတယ်။