ကချင်အစိုးရအဖွဲ့ အတွင်းရေးမှူးကို ရာထူးဖြုတ်

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်သိန်းကို ဖားကန့်မှာ စက်ယန္တရား အမြောက်အမြား တင်သွင်းတဲ့ ကိစ္စနဲ့ စပ်လျဉ်းပြီး အရေးယူတဲ့ အနေနဲ့ ရာထူးက ထုတ်ပယ်လိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။
ကန်ပိုက်တီးမှာ နယ်ခြားစောင့် တာဝန်ကျတဲ့ တခြားအရာရှိ သုံးဦးကို လစာ ခြောက်လ တိုးမြှင့်မှု ရပ်ဆိုင်းတဲ့ ပြစ်ဒဏ် ချမှတ်ကြောင်း သတင်းလည်း ထွက်ပေါ်ပေမယ့် သီးခြား အတည်ပြုချက် မရရှိခဲ့ပါဘူး။
ဖားကန့်မှာ တရုတ်နိုင်ငံဘက်ကနေ စက်ယန္တရား အမြောက်အမြား ရောက်ရှိလာပြီး ကျောက်စိမ်း အကြီးအကျယ် တူးဖော်ခဲ့မှုနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ပြည်သူအများက ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ကချင်ပြည်နယ် ဝန်ကြီး ၄ ယောက်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အခုဖြစ်ရပ်ဟာ ဖားကန့် ကျောက်စိမ်း တူးဖော်မှုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ ထိပ်တန်း တာဝန်ရှိသူ တယောက်ကို ပထမဆုံး အရေးယူမှု ဖြစ်ပါတယ်။
ကချင် ပြည်နယ် စီးပွားစီမံ ဝန်ကြီး ဦးခင်မောင်ထွန်း ကတော့ တရုတ်ပြည်ထဲကနေ စက်ယန္တရားကြီး အများအပြားကို ဖားကန့်အရောက် တင်သွင်းနိုင်တာဟာ သြဇာအာဏာ ကြီးကြီးမားမား ရှိသူ တယောက် မပါဝင်ဘဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
"ယန္တရားကြီးတွေဆိုတာ အိတ်ထောင်ထဲထည့်ပြီး ဝှက်သယ်လာလို့ ရတာ မဟုတ်ဘူး"လို့ ဦးခင်မောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။




