ဖားကန့် ကျောက်စိမ်းတွင်း လမ်းပိတ်ဆို့ဆန္ဒပြမှု ရပ်

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ဖားကန့် ကျောက်စိမ်းဒေသမှာ ကျောက်မျက် ကုမ္ပဏီတွေရဲ့ မြေစာပုံကြောင့် ထိခိုက်မှု များတယ်ဆိုပြီး ဒေသခံတွေက စွန့်ပစ် မြေစာသယ် ကားတွေကို လမ်းပိတ် တားဆီး ဆန္ဒဖော်ထုတ်ခဲ့ပြီး တောင်းဆိုချက်တွေနဲ့ သပိတ်စခန်း ဖွင့်ခဲ့ရာမှာ ကုမ္ပဏီတွေဘက်က လိုက်လျောပေးမယ်လို့ ကတိပြုခဲ့တဲ့အတွက် အခုအခါ လမ်းတွေ ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။
သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတဲ့ ဆိပ်မူနဲ့ စပေါ့ရွာတွေက ဒေသခံတွေ တောင်းဆိုတဲ့ အချက် ၅ချက်ကို ကျောက်မျက်ကုမ္မဏီ ၁၂ခုနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက သဘောတူ လက်ခံခဲ့အပြီးမှာ သပိတ်စခန်းကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
ဒေသခံတွေ တောင်းဆိုတဲ့ အချက်တွေဖြစ်တဲ့ မြေစာတွေကြောင့် ဝေခါချောင်း ကောသွားခဲ့တာကြောင့် သူတို့အိမ်တွေ မိုးတွင်းရောက်တိုင်းရေမြုပ်လို့ ဝေခါချောင်းကို ရှင်းလင်းပေးရေး၊ အန္တရာယ်ရှိ မြေစာပုံတွေကို နှိမ့်ချပေးရေး၊ ဝေခါချောင်း တလျှောက် ရေတား တာရိုးတွေ လုပ်ပေးရေး အပါအဝင် မြေစာ လျှောနိုင်တဲ့ နေရာတွေမှာ တာရိုး လုပ်ပေးဖို့ ဆိုတာတွေကို ကုမ္ပဏီတွေဘက်က သဘောတူလိုက်ပါတယ်။
ဒေသခံတွေ တောင်းဆိုထားတဲ့ အချက်တွေကို အခုလမကုန်မီ အကောင်အထည် ဖော်ပေးဖို့ သဘောတူ ဆုံးဖြတ် ခဲ့ကြပါတယ်။
နှစ်စဉ် ဥရုချောင်း လျှံလို့ ဖားကန့်တဝိုက် ရေကြီးတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ ဒေသခံတွေ လိုလားနေတဲ့ ကိစ္စကိုလည်း နှစ်ဆန်းပိုင်းကတည်းက စပြီး လုပ်နေတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။
လုံးခင်းဘက်က ဒေသခံတွေကတော့ ဒီသဘောတူညီချက်ဟာ အရပ်သား ဒေသခံတွေ မပါပဲ ကုမ္ပဏီနဲ့ အာဏာပိုင်တွေ သဘောတူညီမှုဖြစ်ပြီး သူတို့ကတော့ ဒေသခံတွေပါ ပါတဲ့ ၃ပွင့်ဆိုင် သဘောတူ လက်မှတ်ထိုးဖို့ လိုလားနေကြပါတယ်။
အခု ဒီပဏာမ သဘောတူညီချက်ထဲမှာ မြေစာသယ်ကားကို ညနေစောင်းကနေ ညပိုင်းမှ မောင်းရမယ်လို့ ပါပေမယ့် ခုကတည်းက မြေသယ်ကားတွေ နေ့ရော ညပါ သွားလာနေလို့ ဒေသခံတွေက သူတို့ တောင်းဆိုထားတာတွေ လုပ်မလုပ် စောင့်ကြည့်ပြီးမှ ထပ်ပြီး အရေးဆိုကြမယ်လို့ ပြောပါတယ်။




