နမ့်ဆန်နဲ့ လပွတ္တာ မီး ကယ်ဆယ်ရေး လုပ်ရ

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Services Department
ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်း က ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မှာ လောင်တဲ့ မီးကြောင့် အိမ်ခြေ ၂၄ဝ ကျော် မီးထဲ ပါသလို ဧရာဝတီတိုင်း လပွတ္တာ မှာလည်း အိမ်ခြေ နှစ်ရာ မီးလောင် သွားခဲ့ပါတယ်။
နမ့်ဆန်မြို့မှာ ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီခွဲ လောက်က လက်ဖက် ပွဲရုံတခု ကနေ လောင်လိုက်တဲ့ မီးဟာ သန်းခေါင်ကျော် ၁ နာရီမှ မီးညွန့်ကျိုးပြီး ခုချိန်ထိ မီးကြွင်းမီးကျန်တွေကို ငြိမ်းနေရဆဲ လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဒီမီးလောင်မှုကို ရှမ်းပြည် မြောက်ပိုင်း လားရှိုး၊ ကျောက်မဲ စတဲ့ မြို့တွေ က မီးသတ် ကား တွေနဲ့ အုပ်ချုပ်ရေး ယာဉ် ၂၂ စီးသွားပြီး ငြှိမ်းသတ်ခဲ့ရ သလို ဆုံးရှုံးမှု တန်ဖိုး ကိုတော့ တွက်ချက်ဆဲ ဖြစ်တယ်လို့ လားရှိုး မီးသတ် က ပြောပါတယ်။
သောကြာနေ့ ညနေပိုင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ နမ့်ဆန်ကို လာပြီး မီးဘေးသင့် ပြည်သူတွေကို အားပေး စကား ပြောပြီး ထောက်ပံ့ရေး ပစ္စည်း တချို့ လှူသွားပါတယ်။
နမ့်ဆန်နဲ့ တရက်ထဲ ဧရာဝတီတိုင်း လပွတ္တာမှာ ကမ်းနား စားသောက်ဆိုင် က စလောင်ခဲ့တဲ့ မီးဟာ ရပ်ကွက် ၃ ခုက အိမ်ခြေ နှစ်ရာ ဝန်းကျင် နဲ့ ရေထွက် ပစ္စည်း အရောင်းဒိုင်တွေ မီးလောင် ပျက်စီးခဲ့ပါတယ်။
ဒီမီးလောင်မှုမှာ ကျောင်းကုန်း၊ ဝါးခယ်မ၊ မြောင်းမြ ၊အိမ်မဲ၊ ကန်ကြီးဒေါင့် မြို့တွေက မီးသတ်ကား ၁၅ စီးနဲ့ ငြိမ်းခဲ့ရပါတယ်။
ထောင်ချီတဲ့ မီးဘေးသင့် ပြည်သူတွေ ကို ၄ ထပ် ဘုန်းတော်ကြီး ကျောင်းနဲ့ တခြား ဘေးကျောင်း တွေမှာ မီးဘေး ကယ်ဆယ်ရေး စခန်း ဖွင့်ပြီး ကူညီနေ တယ်လို့ သိရပါတယ်။
လပွတ္တာ ကိုတော့ ဒုသမ္မတ ဦးဉာဏ်ထွန်းနဲ့ အဖွဲ့ ညနေပိုင်းမှာ လာရောက် အားပေးခဲ့ တယ် လို့ သိရပါတယ်။








