ငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေး လမ်းစရမလား

ကျင်းပ ပြီးစီးသွားတဲ့ ငြိမ်းချမ်းရေး ညီလာခံက ရလဒ်တွေဟာ မှန်းဆ ထားတဲ့ အတိုင်း ထူးခြား တိုးတက်မှု မတွေ့ရကြောင်း ညီလာခံ မတက်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီဝင် ရခိုင်ပြည် အမျိုးသား ကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တွေကို တပ်မတော်ထဲ ပါဝင် ဖို့ ဖိတ်ခေါ်တာ ဟာလည်း တပ်ရဲ့ မူလ သဘောထား ဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေ အရ တပ်မတော်အောက် နေစေလိုတဲ့ သဘောထားသာ ဖြစ်ကြောင်း သူက ပြောပါတယ်။
ဒါကို မပြင်နိုင်ရင်တော့ တိုင်းရင်းသား အဖွဲ့တွေနဲ့ ပြေလည် ငြိမ်းချမ်းရေး ရဖို့ ခက်ခဲ နိုင်တယ် လို့ ဆိုပါတယ်။
NCA အပစ် ရပ်စဲရေး အတွက် ဆွေးနွေး ခဲ့ကြ စဉ်က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို သွားဖို့ အားလုံး သဘောတူ ခဲ့ကြပေမယ့် ခုထိ ဒီဆွေးနွေးတဲ့ အဆင့်ကို မရောက် သေးတာဟာ အချိန်ကုန်ရုံ ရှိတယ် လို့လည်း ပြောပါတယ်။
ဖက်ဒရယ် ကို အခြေခံတဲ့ ဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲပြီးမှ တပ်မတော် တခုတည်း ထားရှိတဲ့ စနစ်ကို ရောက်နိုင်မယ် လို့လည်း ဆိုပါတယ်။
လက်ရှိ မူဘောင် တွေနဲ့ ဆက်ပြီး ဆွေးနွေးမယ် ဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ တွေ အောင်မြင် ပါ့မလား သံသယ ရှိတယ် လို့လည်း ပြောပါတယ်။
အားလုံး ပါဝင် တဲ့ မူတခု ချမှတ် နိုင်ရေး အတွက် UNFC အနေနဲ့ လက်ရှိ အစိုးရ၊ နောက် အစိုးရ တွေနဲ့ ဆက်လက် ဆွေးနွေး အဖြေရှာ သွားမယ် လို့လည်း သိရပါတယ်။




