ဖားကန့်မှာ မြေစာပုံ ပြိုပြန်ပြီ

ဖားကန့်နယ်ထဲ မြေစာပုံ ပြိုကျခဲ့ပြန်လို့ လူတွေ ပျောက်ဆုံး နေတာ မှာ အရေအတွက် နဲ့ ပတ်သက်ပြီး ကွဲပြားတဲ့ ပြောဆိုမှု တွေ အမျိုးမျိုး ထွက်ပေါ် နေပါတယ်။
ဒီဇင်ဘာ ၂၅ ရက် ည က ဖားကန့်နဲ့ ၃မိုင်လောက်ဝေးတဲ့ မက်မုံရွာနား ပြိုကျမှု ဟာ အဲဒီ့ အရပ်မှာ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ၃ ကြိမ်မြောက် ပြိုကျတာ ဖြစ်ပါတယ်။
လူ ၁၂၀ နီးပါး သေခဲ့ရလို့ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရတဲ့ နိုဝင်ဘာ ၂၁ ရက် တုန်းက ပြိုကျ ခဲ့တဲ့ မျက်နှာချင်း ဆိုင် နေရာ က မြေစာပုံ အခုတစ်ခေါက် ပြိုကျ တာ ဖြစ်ပြီး၊ ရာဇဌာနီ ဆိုတဲ့ ကျောက်စိမ်း ကုမ္ပဏီရဲ့ စွန့်ပစ် မြေစာပုံ ဖြစ်ပါတယ်။
အခု ပျောက်ဆုံး နေတဲ့ အရေအတွက် နဲ့ ပတ်သက်ပြီး ဒေသခံ တွေ ရဲ့ ပြောဆို မှု တွေ အရ အယောက် ၂၀ ကနေ ၇၀ ကြား လောက်ထိ ရှိနေပါတယ်။
ဖားကန့်ရဲ စခန်းကို ဘီဘီစီ က နောက်ဆုံး ဆက်သွယ် ခဲ့ချိန် ထိတော့ မြေစာပုံကို တူးဆွပြီး ကယ်ဆယ် ရှာဖွေရေး လုပ်နေတာ မျိုး ရှိနေပြီ လို့ ပြောပေမယ့် သေဆုံး ပျောက်ဆုံး စာရင်း အတည်မပြု နိုင်သေး ပါဘူး။
မြေစာသယ် ကားကြီး တွေ တစ်နေ့ကို အစင်းရေ ရာနဲ့ချီ စွန့်ပစ် နေတဲ့ အတွက် ပေတစ်ထောင် အမြင့်ဆိုတာ ချက်ခြင်း ဆိုသလို ရောက်ရှိ နိုင်တယ် လို့ ဖားကန့် မြို့နယ်ရဲ့ NLD ပါတီ ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးကောက် ခံထားရတဲ့ ဦးခင်မောင်မြင့်က ပြောပါတယ်။
ဖားကန့်မှာ မြေပြိုတဲ့ကိစ္စ ခဏခဏ ဖြစ်နေတာနဲ့ ပတ်သက်လို့ အစိုးရ တာဝန် ရှိသူတွေ အ နေနဲ့ ဥပဒေတရပ် ပြဌာန်းပြီး တာဝန်ယူ ဖြေရှင်းပေးဖို့ အခု လပိုင်းထဲမှာပဲ ကချင် စည်းလုံး ညွီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ဥက္ကဌ အမျိုးသား လွှတ်တော်အမတ် ဦးခက်ထိန်နန် က လွှတ်တော်မှာ တင်သွင်း ခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကလည်း သက်ဆိုင်ရာ အစိုးရ အနေနဲ့ ဒီကိစ္စတွေကို စုံစမ်း စစ်ဆေးပြီး ဖြစ်ရပ်မှန်တွေကို အမြန်ဆုံး တင်ပြဖို့ သမတရုံးကို သဝဏ်လွှာ ပို့ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဘယ်လောက် ဥပဒေတွေ ချမှတ် ချမှတ် မြေစာပုံ ကိစ္စနဲ့ ရေမဆေးကျောက် ရှာသူတွေကို တားဆီး ဖို့ဆိုတာ အခက်အခဲတွေ အများကြီးရှိတယ်လို့ ဖားကန့်ဒေသခံ အာဏာပိုင်တွေ က ပြောကြပါတယ်။








