ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုပြီး လူ၅၀ထက်မနည်း သေ

ဓာတ်ပုံ ရင်းမြစ်, AFP
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆန်ခတ်ကူး ကျေးရွာအနီးက ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီက စွန့်ပစ်ထားတဲ့ မြေစာပုံ ပြိုကျ ခဲ့မှုကြောင့် လူ၅၀နီးပါး သေဆုံးခဲ့သလို အတော်များများ ပျောက်ဆုံးနေပါတယ်။
နိုဝင်ဘာလ ၂၁ရက်နေ့ မနက်လင်းအားကြီး ၄နာရီလောက်က အခုလို မြေစာပုံ ရုတ်တရက် ပြိုကျခဲ့တာ ဖြစ်ပြီး နေ့လည် ၃နာရီလောက်မှာ အလောင်း ၄၀ကျော် ရှာတွေ့ခဲ့တယ်လို့ ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာ အုပ်စု NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဉီးရွှေသိန်း က ဘီဘီစီကို ပြောပါတယ်။
မြေစာပုံ ပေါ်မှာ ရှိတဲ့ ယာယီ စျေးရောင်းတဲ ၈၀လောက် မြေဖုံးလွှမ်းသွားတယ်လို့လည်း သူက ပြောပါတယ်။
သေဆုံးသူ အများစုဟာ ရေမဆေး ကျောက်ရှာဖွေတဲ့သူတွေနဲ့ ပျံကျ စျေးသည်တွေ ဖြစ်တယ်လို့ သိရပါတယ်။
အရင်တခါကလည်း အဲဒီနေရာမှာ မြေစာပုံ ပြိုကျမှု ဖြစ်ပွားခဲ့ဖူးပါတယ်။




