ကျောင်းသားတွေကို အချိန်ဆွဲ အမှုစစ်နေတဲ့ အပေါ် ဗကသ ဝေဖန်

အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ခဲ့ကြတဲ့ အဖမ်းဆီးခံ ကျောင်းသား တွေ ကို အကြိမ်ကြိမ် အခါအခါ ရုံးထုတ် စစ်ဆေး ပြီး အချိန် ဆွဲ နေတာ ဟာ အစိုးရ အာဏာ ပိုင် တွေ က နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေကြတာ ဖြစ်တယ် ဆို ပြီးတော့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ က ဝေဖန် လိုက် ပါတယ်။
အစိုးရ ဘက် က လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာ တာမျိုး ဒါမှဟုတ် အမှုတွေ ကို ရုတ်သိမ်း ပေးတာ မျိုး ပြုလုပ် မှ အမှု ကိစ္စ ပြီးပြတ် နိုင်လိမ့်မယ် အနေထား မျိုး ဖြစ် နေ တယ် ဆိုပြီး ဗကသ ရဲ့ ပြောခွင့်ရ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။
လောလောဆယ် မှာတော့ ဖမ်းဆီးခံ ကျောင်းသား တချို့ ကို ရုံးထုတ် ချိန် မှာပဲ အမှုသစ် တွေ နဲ့ ထပ်ထပ်ပြီး တရားစွဲ တာမျိုး တွေ ပြုလုပ် နေတာ မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် နေ့ကလည်း ဗကသ ဥက္ကဌ ကျော်ကိုကို အပါအဝင် ခေါင်းဆောင် ၃ ဦး ကို လသာ ရဲတပ်ဖွဲ့မှုးကနေ ပုဒ်မ ၁၈ နဲ့ အမှုသစ် ထပ်တိုး ခဲ့တယ် လို့ ကိုအောင်နေပိုင် က ပြောပါတယ်။
ဒါ့အပြင် ကျန်းမာရေး ချို့ယွင်းနေလို့ ရန်ကုန် ဆေးရုံကြီး မှာ တက်ရောက် နေရတဲ့ ကျောင်းသား တချို့ ကို လည်း အာဏာပိုင် တွေ ရဲ့ ဖိအားကြောင့် ဆေးရုံ တာဝန် ရှိသူတွေ က ဆေးရုံ က ဆင်းခိုင်း ခဲ့တဲ့ အတွက် ထောင်ထဲ ကို ပြန်လည် ရောက်ရှိ သွားရတယ် လို့လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။
အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ချီတက် ဆန္ဒပြပွဲမှာ ပါဝင် ခဲ့သူတွေ ကို အာဏာပိုင် တွေ က ဆက်လက် ဖမ်းဆီး နေဆဲ လည်း ဖြစ်တာ မှာ ခရစ္စမတ်စ် နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတုန်းက ဗကသ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ခွဲက အထွေထွေ အတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူး ကို မြန်မာနိုင်ငံ အထူး သတင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။
ပထမတော့ အမရပူရ ရဲစခန်းမှာ ထိန်းသိမ်း ထားခဲ့ပြီး အခု နောက်ဆုံး သတင်းတွေ အရ အိုးဘို အကျဉ်း ထောင်မှာရောက် ရှိနေတယ်လို့ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။




