ဒီဇင်ဘာ၂၄ လိပ်ကျွန်းအမှု စီရင်ချက်ချမယ်

ဥပဒေဆိုတာ အမှန်တရားကိုရှာဖွေဖို့နဲ့ လူကောင်းတွေကိုကာကွယ်ဖို့လို့ မိခင်ဖြစ်သူတွေကပြော

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, ဥပဒေဆိုတာ အမှန်တရားကိုရှာဖွေဖို့နဲ့ လူကောင်းတွေကိုကာကွယ်ဖို့လို့ မိခင်ဖြစ်သူတွေကပြော

ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းက ဗြိတိန်နိုင်ငံသား အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦးကို သတ်မှု၊ အဓမ္မကျင့်မှုတွေနဲ့ တရားခံ အဖြစ် စွတ်စွဲ အဖမ်း ခံထား ရတဲ့ မြန်မာ နိုင်ငံသား ဇော်လင်း နဲ့ ဝင်းဇော်ထွန်း ခေါ် ဝေဖြိုး တို့ အမှုကို ကော်စမွီ တရားရုံးမှာ အမိန့်ချမှာဖြစ်ပါတယ်။

ကော်စမွီ တရားရုံးမှာ အမိန့် ချမှတ်မှာ ဖြစ်တာကြောင့် တရားခံ အဖြစ် စွတ်စွဲ ခံထားရတဲ့ ဇော်လင်းနဲ့ဝင်းဇော်ထွန်း တို့ဘက်က အခမဲ့ အကျိုးဆောင်ပေးတဲ့ ထိုင်းရှေ့နေများ အဖွဲ့ဟာ ကော်စမွီကို ရောက်နေ ကြပြီဖြစ်ပါတယ်။

ဘန်ကောက်မြန်မာသံရုံးက ဒုတိယ အတွင်းဝန် ဦးထွန်းအေး အပါအဝင် စုံးစမ်း စစ်ဆေးရေး ကော်မတီ ဝင်တွေလည်း ကော့စမွီ ကျွန်းကို အစုံ အလင် ရောက်နေ ကြပြီ ဖြစ်ပါတယ်။

ဇော်လင်းရဲ့ မိခင် ဖြစ်သူ ဒေါ်ဖြူဖြူနု နဲ့ ဝင်းဇော်ထွန်း ရဲ့ မိခင်ဖြစ်သူ ဒေါ်မေသိန်း တို ဟာလည်း ကော်စမွီ ကျွန်းကို ရောက်ရှိ နေပြီ ဖြစ်ပါတယ်။

တရားရုံးက အမှန်တရား အတိုင်း ဆုံးဖြတ်ပေး လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း နဲ့ ဥပဒေ ရေးဆွဲထားတယ် ဆိုတာ အမှန်တရားကို မဖျက်ဆီးဖို့ နဲ့ လူကောင်းတွေကို ကာကွယ်ပေးဖို့ ရေးဆွဲ ထားတာ ဖြစ်တယ်လို့ ဝင်းဇော်ထွန်းရဲ့မိခင် ဒေါ်မေသိန်းက ပြောပါတယ်။

ဇော်လင်းရဲ့မိခင် ဒေါ်ဖြူဖြူနုက သူ့သားဟာ ရဲစခန်း အချုပ်ခန်း အတွင်းမှာ နှိပ်စက် ခံထားရတဲ့ ကိစ္စဟာ ကြာလှပြီ ဖြစ်လို့ အမြန်ဆုံး လွှတ်ပေး စေချင်တယ်လို့ ပြောပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့တဲ့ ကော်တောင်ကျွန်းက မြန်မာ အလုပ်သမားတွေ ပြီးတော့ တရားရုံး ရှိရာ ကော်စမွီ ဒေသ က မြန်မာ အလုပ်သမား တွေကလည်း စိတ်ဝင်တစား ဖြစ်နေကြတယ်လို့ ကော်စမွီကျွန်းမှာ ရောက်နေတဲ့ မသဇင်က ပြောပါတယ်။

အခု အမှုမှာ ရဲတပ်ဖွဲ့ဘက်ကလည်း သက်သေ အထောက်အထား အခိုင်အလုံ ပြည့်စုံပြီ ဆိုပြီး တရားရုံးကို တင်ပြခဲ့တာ ဖြစ်ပြီး တရားခံတွေရဲ့ ရှေ့နေ တွေဘက်ကတော့ ရဲက တင်ပြလာတဲ့ သက်သေ အထောက် အထား တွေဟာ မခိုင်လုံတဲ့ အပြင် မျက်မြင် သက်သေလည်း မရှိတာကြောင့် တရားသေ လွှတ် ရမယ်လို့ ယုံကြည် ထားကြပါတယ်။

တရားရုံး ကနေ ကွင်းလုံးကျွတ် အမိန့်ချ ခဲ့ရင်လည်း ရဲက အယူခံ ဝင်ဖို့ရှိနေသလို ပြစ်ဒဏ် တခုခု ချခဲ့မယ်ဆိုရင် တရားခံဘက်က လည်း အယူခံသွားမှာဖြစ်တယ်လို့ အမှုကို ကူညီ ဆောင်ရွက် ပေးနေတဲ့ မြန်မာသံရုံး က ဥပဒေ အကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီ ကိုပြောပါတယ်။