ကော့တောင်ကျွန်း လူသတ်မှု DNA အထောက်အထား ပြန်စစ်ခွင့်ရ

Koh Tao Murder case

ဓာတ်ပုံ ရင်းမြစ်, epa

ဓာတ်ပုံ ပုံစာ, DNA အထောက်အထားတွေကို နည်းလမ်းမှန် ရယူခဲ့ခြင်း မရှိလို့ တရားခံ အကျိုးဆောင်တွေ ပြောနေ

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား နှစ်ယောက် အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်လို့ DNA အထောက်အထား တွေကို ပြန်လည် စစ်ဆေးဖို့ တရားသူကြီးက ဆုံးဖြတ်လိုက် ပါတယ်။

လူသတ်မှုနဲ့ စွဲချက်တင်ခံ ထားရတဲ့ မြန်မာနှစ်ယောက်ရဲ့ ဥပဒေ အကျိုးဆောင်တွေက အမှုမှာ တရားလို တွေဘက်က ရယူ တင်ပြထားတဲ့ DNA အထောက်အထား တွေဟာ စနစ်တကျ ရယူထားတာ မဟုတ်တဲ့ အတွက် ပြန်လည် စစ်ဆေးခွင့် ပြုဖို့ ကြာသပတေးနေ့ ရုံးချိန်းမှာ တရားရုံးကို တင်ပြခဲ့တာဖြစ်ပါတယ်။

DNA ပြန်လည် စစ်ဆေးတဲ့ အခါ တရားလိုနဲ့ တရားခံဘက်က လူတွေ၊ ရှေ့နေများ ကောင်စီက သက်ဆိုင်ရာ ရှေ့နေတွေ အားလုံး ပူးပေါင်း ပါဝင်ရမှာ ဖြစ်ပြီး ရလာတဲ့ စစ်ဆေးချက်တွေကို လူအများ လေးစားတဲ့ မှုခင်းဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ပွန်တစ် Pornthip Rojanasunand ထံ ပေးပို့ဖို့ တရားသူကြီးက အမိန့် ချခဲ့တယ်လို့ စွပ်စွဲခံရသူတွေ ဘက်က ဥပဒေ အကျိုးဆောင် ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

အခု ရုံးချိန်းပြန်စတင် ခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့က တရားလိုပြ သက်သေတွေကို စတင် စစ်ဆေးဖို့ စီစဉ်ထားခဲ့ ပေမဲ့ စစ်ဆေးခဲ့ခြင်း မရှိဘဲ လာမယ့် ဇူလိုင်လ နောက်ထပ် ရုံးချိန်း ကျမှ စစ်ဆေး တော့မှာ ဖြစ်ပါတယ်။