ထိုင်း ရဲဗိုလ်ချုပ် သြစတြေးလျမှာ ခိုလှုံခွင့်တောင်း

ဓာတ်ပုံ ရင်းမြစ်, ABC
၂၀၁၆ အစောပိုင်း ကာလတုန်းက ထိုင်းနဲ့ မလေးရှား ၂ နိုင်ငံ နယ်စပ်မှာ လူမှောင်ခို ဂိုဏ်းတွေရဲ့ စခန်းမှာ လူသေတွေကို မြှုပ်နှံထားတဲ့ ကျင်းတွေကို တွေ့ ရှိပြီး နောက် မှာ ထိုင်း ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင် ကို လူမှောင်ခို ဂိုဏ်း တွေကို စုံစမ်း စစ်ဆေးဖို့ တာဝန်ပေး ခဲ့ပါတယ်။
လူမှောင်ခို လုပ်ငန်းတွေမှာ ပါဝင် ပါတ်သက်နေတဲ့ ဩဇာ ရှိတဲ့ လူတွေက ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်ကို သတ်ဖို့ ကြိုးစားလာတာကြောင့် ထိုင်း နိုင်ငံကနေ ထွက်ပြေးခဲ့ပြီး ဩစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံထားပါတယ်။
လူမှောင်ခို လုပ်ငန်းကြီးကို ၅ လ လောက် စုံစမ်း စစ်ဆေးပြီးနောက်မှာ စစ်တပ် ရဲနဲ့ အစိုးရ အဖွဲ့က ဩဇာ ကြီးမား သူတွေဟာ စစ်ဆေးရေး လုပ်ငန်းတွေ ကို ရပ်ဆိုင်း ခိုင်းခဲ့တယ်လို့ သူက ဘီဘီစီ ကို ပြောပါတယ်။
သူ့ရဲ့ စုံစမ်း ဖော်ထုတ်မှု ကြောင့် ထိုင်း နိုင်ငံရေး သမားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်တပ် အရာရှိကြီးတွေ အပါအဝင် လူ ၁၅၀ လောက်ကို ဖမ်းဆီး အရေးယူဖို့ ဆောင်ရွက် နိုင်ခဲ့ပါတယ်။
တရားစွဲဆို ရုံးတင် စစ်ဆေးတဲ့ အထဲမှာ ထိုင်း စစ်တပ်က အဆင့်မြှင့် ဗိုလ်ချုပ်ကြီး တစ်ဦး လည်း ပါရှိခဲ့ပြီး ထိုင်း စစ် အစိုးရကတော့ ဒါဟာ အစိုးရ အနေနဲ့ လူမှောင်ခို လုပ်ငန်း တွေကို တားဆီး နေတဲ့ သာဓက တစ်ခုလို့ ပြောကြားခဲ့ပါတယ်။
ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်းရဲ့ စုံစမ်း စစ်ဆေးမှုတွေအပေါ်မှာ ဩဇာ ရှိသူ အချို့က မကျေမနပ် ဖြစ်ခဲ့ကြပြီး ပြဿနာတွေ ရှုပ်ထွေးတဲ့ ထိုင်း နိုင်ငံ တောင်ပိုင်း ဒေသ ကို ရွှေ့ပြောင်း တာဝန်ချထား ခဲ့ပါတယ်။
သူ့ရဲ့ အသက် အန္တရာယ်ကို စိုးရိမ် ရတဲ့ အတွက် နိုဝင်ဘာလမှာ ရဲတပ်ဖွဲ့ ကနေ နှုတ်ထွက်ခဲ့ပြီး ဩစတြေးလျ နိုင်ငံမှာ လာရောက် ခိုလှုံတာလို့ ရဲဗိုလ်ချုပ် ပဝင်း ဖုန်စီရင်း က ပြောပါတယ်။
ရဲဗိုလ်ချုပ် ထိုင်း နိုင်ငံမှာ မရှိတော့တာကြောင့် သူ စုံစမ်း စစ်ဆေး ခဲ့တဲ့ အမှုတွေဟာ ခိုင်လုံမှု မရှိတော့ဘူး ဆိုပြီး ဆက်လက် ရုံးတင် စစ်ဆေး နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုတော့ လူကုန်ကူးမှုကို အရေးတကြီး ဆောင်ရွက်မယ်လို့ ပြောကြားခဲ့တဲ့ ထိုင်းစစ် အစိုးရရဲ့ စကားဟာ အနှစ်သာရ မရှိတဲ့သဘော တွေ့မြင် နေရကြောင်း ဘန်ကောက်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဂျိုနသန် ဟဒ် က သုံးသပ် ခဲ့ပါတယ်။








