ထိုင်းရဲဗိုလ်ချုပ် ရဲတပ်ဖွဲ့က နှုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်း တောင်ပိုင်း ရိုဟင်ဂျာ လူကုန်ကူးမှုမှာ ပါဝင် ပတ်သက်သူ တွေကို စစ်ဆေး ဖော်ထုတ် ခဲ့ သူ ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း သူ့အတွက် အသက် အန္တရာယ် ရှိနိုင်တယ် ဆိုပြီး ရဲတပ်ဖွဲ့ က နေ နှုတ်ထွက် သွားပါတယ်။
လူကုန်ကူး မှုမှာ ပါဝင်တဲ့ စစ်တပ် အရာရှိ၊ ရဲအရာရှိနဲ့ ဒေသ အဆင့် နိုင်ငံရေး သမား တွေ အပါအဝင် လူ ၉ဝ နီးပါး ကို ရဲဗိုလ်ချုပ် ဖုန်းစီရင်း က တာဝန်ယူ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို လူကုန်ကူး သူတွေ ကြီးစိုးတဲ့ နေရာ ထိုင်းတောင်ပိုင်း ကို ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ကို တာဝန်ချ လိုက်တဲ့ အတွက် သူ့အတွက် အသက် အန္တရာယ် ရှိနေနိုင် တယ် လို့ သူက ဆိုပါတယ်။
အဲ့ဒီဒေသ ကို မပို့ဖို့ အထက် အရာရှိ တွေကို တင်ပြခဲ့ပေမယ့် လက်မခံ တာကြောင့် ရဲတပ်ဖွဲ့ ကနေ နှုတ်ထွက်စာ တင်ခဲ့ရတာ ဖြစ်တယ် လို့ ထိုင်းသတင်းဌာန တချို့ ကို ရဲဗိုလ်ချုပ် ဖုန်းစီရင်း ကပြောပါတယ်။
အခုလို နှုတ်ထွက် ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရ က လူကုန်ကူးမှု ကို ထိထိ ရောက်ရောက် ကိုင်တွယ် ချင်ပုံ မရဘူး လို့ ဝေဖန်မှုတွေ ထွက်ခဲ့ပါတယ်။
ထိုင်းတောင်ပိုင်း သတင်းတွေကို အထူးပြု ရေးသားနေတဲ့ ဘီဘီစီ ထိုင်းဌာနက နွမ်းနွိုင့် ထမ်မစထီယန် က အခုလို သုံးသပ်ပါတယ်။
'ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ကို အခုလို ခြိမ်းခြောက် ခံရတာမျိုး တာဝန်ယူ ပေးမယ့်သူ မရှိ ဆိုရင်တော့ နောက်ပိုင်း အမှု ကြီးကြီး တွေကို ကိုယ်တွယ် သူ ရှိမှာ မဟုတ်ဘူး။ ကိုင်တွယ် ဆိုရင် လည်း ထိထိ ရောက်ရောက် လုပ်မှာ မဟုတ်ဘူး။ အထူးသဖြင့် လူကုန်ကူးမှု ဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံ တွေက ထိုင်းကို လက်ညှိုး ထိုးနေတဲ့ အချက် လည်း ဖြစ်တယ်။ ဖုန်းစီရင်း နှုတ်ထွက် သွားတာ ဟာ ထိုင်း ရဲတပ်ဖွဲ့ ကို အများက ဝေဖန်စရာ ဖြစ်နေတယ် 'လို့ ပြောသွား ပါတယ်။
နှုတ်ထွက် သွားတဲ့ ရဲဗိုလ်ချုပ် ပဝင်း ဖုန်းစီရင်း ဟာ အခုအခါ နိုင်ငံခြားမှာ သွား ရောက် နေထိုင်နေပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာ လူကုန်ကူးမှု ကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးမှုနဲ့ သက်သေအထောက်အထား တွေနဲ့ အမှု တည်ဆောက် ပြီးပြီ ဖြစ်လို့ အစိုးရ ရှေ့နေချုပ်ရုံး ကို လွှဲပြောင်း ပေးထားပြီ ဖြစ်ပါတယ်။
တရားစွဲဆိုမှု ကိုတော့ ရှေ့နေချုပ် ရုံးက ဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။








