အာဏာကျင့်သုံးနိုင်သူတွေ အတွက် အာဏာလွှဲဖို့ မခက်နိုင်

Myanmar Leaders
ဓာတ်ပုံ ပုံစာ, သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ ဒေါ်အောင်ဆန်း စုကြည် သီးသန့် တွေ့ဆုံ

ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD အမျိုးသား ဒီမိုကရေစီ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရပြီး ရက်ပိုင်း အတွင်းမှာပဲ ဒီခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေပြီးမှ တွေ့မယ်လို့ နှစ်ဖက်စလုံးက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သမ္မတက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တာဟာ တာဝန် လွှဲပေးမယ့်သူက တာဝန်ကို လက်ခံယူမယ့်သူနဲ့ တာဝန် အရ တွေ့တာ ဖြစ်ပြီး တွေ့သင့်တယ်လို့ UNDO ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ရဲ့ နာယက ဦးနိုင်းနိုင်းက ပြောပါတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပါတီက အရှုံးကြီး ရှုံးပြီး အတိုက်အခံ ပါတီက အပြတ်အသတ် နိုင်ခဲ့လို့ အာဏာလွဲရေး ကိစ္စ ခက်ခဲနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပေမဲ့ သူ့အနေနဲ့တော့ ခက်ခဲမယ် မထင်ဘူးလို့ လည်း ဦးနိုင်းနိုင်းက ပြောပါတယ်။

နိုင်ငံ အကြီးအကဲနဲ့ ဝန်ကြီးအဖွဲ့ဖွဲ့စည်းရေး အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ လက်ရှိ အာဏာရ ပါတီက သူတို့ လိုလားတဲ့ သဘောထား အခြေအနေနဲ့ စံချိန်ကိုက် အောင်လုပ်ထားပြီးသား ဖြစ်တယ်လို့ လည်း သူက ဆိုပါတယ်။

ဒါ့အပြင် ဦးနိုင်းနိုင်းက အစိုးရ အဖွဲ့မှာ ရွေးကောက် တင်မြှောက်ခံ ပြည်သူ့ကိုယ်စားလှယ်တွေသာ ပါဝင်မယ့် အစိုးရဖြစ်လာမှာ မဟုတ်ဘဲ အသာစီးနေရာမှာ ရှိနေတဲ့ အာဏာရ ပါတီဘက်က ကိုယ်စားလှယ် တွေနဲ့ ပြည်သူတွေ ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်တွေ ပေါင်းတဲ့ ဖက်စပ် အစိုးရသာ ဖြစ်လာလိမ့်မယ်လို့ ပြောပါတယ်။

ဒါကြောင့် အာဏာ ကျင့်သုံးနိုင်သူတွေ အတွက် အာဏာလွှဲပြောင်းရေးက အခက်အခဲ မရှိနိုင်ဘူးလို့ ဦးနိုင်းနိုင်းက သုံးသပ် ပါတယ်။

တိုင်းပြည်မှာ အပြောင်းအလဲ လုပ်မယ်လို့ ကြွေးကြော်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီက စစ်မှန်တဲ့ အခြေခံ ကျပြီး အရေးကြီးတဲ့ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်ကြောင်းနဲ့ အဓိက အားဖြင့် အခြေခံ ဥပဒေကို ပြောင်းလဲနိုင်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ဒီလို ပြောင်းလဲနိုင်ဖို့ရာ နိုင်ငံရေး ပါတီ ဘက်က တောင်းဆိုဖို့ လိုသလို တပ်မတော် ဘက်ကလည်း တကယ့် အပြောင်းအလဲကို လက်ခံပြီး ပြောင်းလဲဖို့ လိုတယ်လို့ ဦးနိုင်းနိုင်းက သုံးသပ် ပါတယ်။