မြန်မာလူ့အခွင့်အရေး ကော်မရှင် အားနည်းတယ်လို့ ဝေဖန်

Ko Pargyi

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိုပါကြီးသေဆုံးမှု အစီရင်ခံစာမှာ သေဆုံးတဲ့ အကြောင်းရင်းကို တိတိကျကျ ပြောမထား

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ သူတွေက ထောက်ပြ ဝေဖန်လိုက် ပါတယ်။

ကိုပါ ကြီးကိစ္စနဲ့ လက်ပံတန်း ကျောင်းသားအရေး ကိစ္စတို့မှာ မြန်မာ လူ့အခွင့်အရေး ကော်မရှင်ရဲ့ အရေယူ ဆောင်ရွက်မှု အားနည်းတယ်လို့ သူတို့ တွေ့ရှိရကြောင်းလည်း နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ လူ့အခွင့်အရေးကော်မရှင်အပေါ် သုံးသပ်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူများရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

ကိုပါကြီး သေဆုံးရမှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာမှာ သေဆုံးရတဲ့ အကြောင်းရင်းကို လက်နက်ကြောင့် သေဆုံးတယ်လို့သာ ဖော်ပြထားပြီး သေနတ်ဒဏ်ရာကြောင့် သေဆုံးတယ်လို့ တိတိကျကျ ဖော်ပြ မထားဘူးလို့ Equlity Myanmar လူ့အခွင့်အရေး အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် မြန်မာ လူ့အခွင့်အရေး ကော်မရှင်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှခံရဖို့ ကိုသာ ဦးစားပေး လုပ်ဆောင်နေပြီး ပြည်သူလူထု အားကိုးနိုင်တဲ့ ကော်မရှင်ဖြစ်ဖို့ လုပ်ဆောင်မှုတွေမှာ အားနည်းနေတယ်လို့လည်း ဝေဖန်ကြ ပါတယ်။

လက်ပံတန်းမှာ ဆန္ဒပြ ကျောင်းသားတွေ ကို ဖြိုခွင်းတဲ့ ကိစ္စမှာလည်း ရဲတွေက လိုတာထက်ပိုပြီး အကြမ်းဖက်တယ်ဆိုတဲ့ တင်ပြချက် ထွက်ပေါ်လာခဲ့ပေမဲ့ နောက်ပိုင်းမှာ ကျောင်းသားတွေ ဆက်လက် ဖမ်းဆီးခံကြရတာ၊ အစာငတ်ခံ ဆန္ဒပြကြတာတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ လုပ်ဆောင်တာမျိုး မတွေ့ရဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါတွေဟာ မြန်မာ နိုင်ငံလူ့ အခွင့် အရေး ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပိုင်းမှာ အားနည်းတာကို ပြသနေတယ်လို့ နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့တွေက ထောက်ပြပါတယ်။

နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်း ဖြစ်ဖို့ရာ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်တွေကို သမ္မတက တိုက်ရိုက် မခန့်ဘဲ လွတ်လပ်တဲ့သူတွေကို အရပ်ဖက်လူမှု အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လွတ်လပ်တဲ့သူတွေကို တင်မြောက်ဖို့နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက လူ့အခွင့်အရေး ကော်မရှင်ကို လေးစားဖို့ လိုတယ်လို့လည်း ဦးအောင်မျိုးမင်းကပြောပါတယ်။