အစာငတ်ခံဆန္ဒပြ ကျောင်းသား ဖြိုးဓန ဆေးရုံတက်ရ

ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့ကြလို့ ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသားတွေကို နိုဝင်ဘာလ ၁၁ ရက်နေ့က သာယာဝတီထောင်မှာ ရုံးထုတ်ခဲ့ ပါတယ်။
အဲဒီထဲမှာ ကိုအောင်မှိုင်းဆန်း အပါအဝင် အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသား တွေလည်း ပါဝင်ပါတယ်။
အစာငတ်ခံ ဆန္ဒပြကျောင်းသား တစ်ယောက်ဖြစ်တဲ့ ကိုဖြိုးဓန ကတော့ ကျန်းမာရေး ဆိုးရွားလာလို့ ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရတယ်လို့ သူမိခင် ဒေါ်နီနီချိုက ဘီဘီစီကို ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က ကျောင်းသားတွေကို ရုံးထုတ်တာကို သွားတွေ့ခဲ့တဲ့ ဒေါ်နီနီချိုက မူလက အစာအိမ်ရောဂါရှိတဲ့ သူ့သား ကိုဖြိုးဓနဟာ လမ်းတောင် မလျှောက်နိုင်အောင် အားအင် ချိနဲ့ နေပြီး ကျန်းမာရေး မကောင်းတဲ့ အတွက် မိခင် အနေနဲ့ ဆေးရုံကို အတင်း ပို့ပေးခဲ့တာ လို့ ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ဆိုရင် သူ့ အတွက် ပိုအဆင်ပြေလို့ အဲဒီကိုပဲ ပို့ခိုင်းခဲ့တာလို့လည်း ဒေါ်နီနီချိုက ပြောပါတယ်။
အခုဆိုရင် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြတဲ့ ကျောင်းသား စုစုပေါင်း ၁၄ ယောက် ရှိသွားပြီလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။
ကိုအောင်မိုင်းဆန်း အစာငတ်ခံ ဆန္ဒပြနေတာ အခုဆို ရက်ပေါင်း ၂၀ ရှိသွားပြီ ဖြစ်ပြီး ကိုဖြိုးဓနကတော့ ၁၀ ရက် ရှိပြီ ဖြစ်ပါတယ်။
အာရှ လူ့အခွင့် အရေး အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့် အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက အစာငတ်ခံ ကျောင်းသားတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ် ပူပန်ကြောင်းနဲ့ သူတို့ တောင်းဆိုချက်တွေကို အမြန်ဆုံး လိုက်လျောဖို့ မြန်မာ အစိုးရကို တိုက်တွန်း နေပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံ ကျောင်းသားတွေ အားလုံးကို လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။








