Burma Campaign UK အစီရင်ခံစာ ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, burmese
လာမယ့် ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့ရင်တောင်မှ မြန်မာနိုင်ငံကို စစ်တပ်က ဆက်ထိန်းချုပ်ထားဦးမယ်လို့ Burma Campaign UK အဖွဲ့ က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထား ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၀၈ အခြေခံဥပဒေလို့ အမည်ပေးထားတဲ့ အဲဒီအစီရင်ခံစာထဲမှာ တကယ်လို့ NLD အနိုင်ရခဲ့ရင်တောင်မှ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ စစ်တပ်က အာဏာ တော်တော်များများကို ဆက်လက် ချုပ်ကိုင်ထားဦးမှာ ဖြစ်ပြီး NLD အစိုးရအနေနဲ့ အာဏာကို အကန့်အသတ်နဲ့ပဲ ရဖို့ ရှိတယ်လို့ ဆိုပါတယ်။
တခါ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ လွတ်လပ် မျှတစွာ မဲပေးခွင့်ရမယ်၊ မဲတွေ မှန်မှန်ကန်ကန် ရေတွက်မယ်ဆိုရင်တောင်မှ ဒီရွေးကောက်ပွဲကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလို့ မဆိုနိုင်တော့ဘူးလို့ လည်း အဲဒီအစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေကြောင့် မဲပေးခွင့် ဆုံးရှုံးရသူတွေ ရှိနေပြီး ကရင်ပြည်နယ်က ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေဟာလည်း စားဝတ်နေရေး ပြဿနာကြောင့် မဲမပေးနိုင်ကြသလို ရိုဟင်ဂျာနဲ့ မွတ်ဆလင်တွေ အများအပြားလည်း မဲပေးခွင့် ပယ်ဖျက်ခံထားရတာကြောင့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Anna Roberts က ဘီဘီစီကို ပြောပါတယ်။




