ဓား​ဒဏ်ရာကြောင့် NLD အမတ် အရေးပေါ် ခွဲစိတ်​မှုခံယူ

ခွဲစိတ်မှု ခံယူ အပြီး အသက် အန္တရာယ် မရှိဘူး လို့ NLD ပါတီ က ပြော။
ဓာတ်ပုံ ပုံစာ, ခွဲစိတ်မှု ခံယူ အပြီး အသက် အန္တရာယ် မရှိဘူး လို့ NLD ပါတီ က ပြော။

ကြာသာပတေး ညပိုင်းက ရန်ကုန် သာကေတ မြို့နယ်ထဲမှာ ဓားရှည် နဲ့ အတိုက်အခိုက် ခံခဲ့ရတဲ့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ပါတီ ရဲ့ လွှတ်တော် အမတ် ဦးနိုင်ငံလင်း ဟာ ရန်ကုန် ဆေးရုံကြီး မှာ အရေး ပေါ် ခွဲစိတ် ကုသ ခံခဲ့ရပါတယ်။

ရွေး ကောက်ပွဲ မဲဆွယ် စည်းရုံး ရေး အတွက် NLD ပါတီ ရဲ့ ဖျော်ဖြေရေး ယာဉ် လှည့်လာ လာတုန်း လူ ၃ ဦး က ဒုတ်ဓား လက်နက် တွေ နဲ့ ဝင်ရောက် ထိုးခုတ် တိုက်ခိုက် ခဲ့တဲ့ အတွက် ဦးနိုင်ငံလင်း ရဲ့ မျက်နှာ နဲ့ လက်တွေ မှာ ဓား ဒဏ်ရာ အကြီး အကျယ် ရသွား ခဲ့တာ ဖြစ်ပါတယ်။

ခွဲစိတ်မှု ခံယူ အပြီး အသက် အန္တရာယ် မရှိဘူး လို့ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း က ဘီဘီစီ ကို ပြောပါတယ်။

တိုက်ခိုက် သူတွေ ကို ရဲ ကဖမ်းဆီး မိထားပြီးလည်း ဖြစ်ပါတယ်။

ရွေး ကောက်ပွဲ ကျင်းပဖို့ ၁၀ ရက်မျှသာ လိုတော့တဲ့ အချိန်မှာ NLD ပါတီ ဝင် တွေ အခုလို ထပ်မံ တိုက်ခိုက် ခံလာရတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြီးခဲ့တဲ့ ရက်ပိုင်း ကော့မှုး ခရီးစဉ် အတွင်းမှာ ရွေးကောက်ပွဲ ရက်မှာ မတည်မငြိမ် ဖျက်လိုဖျက်စီး လုပ်မယ့် သူတွေ ရှိတယ် လို့ သတင်းရထား ကြောင်း ထုတ်ဖော် ပြောခဲ့ပြီး ရန်စ ပြောဆိုမှု တွေ ကြုံလာရင် သည်းညည်းခံ ကြဖို့ NLD ပါတီဝင် တွေ နဲ့ ပါတီကို ထောက်ခံ အားပေးသူ တွေ ကို တိုက်တွန်း ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရန်ကုန် မြို့ပေါ် မဲဆွယ် စည်းရုံး လှည့်လည်ပွဲ လုပ်ဖို့ ၃ ရက်သာ လိုတော့ တဲ့ အချိန်မှာပဲ အခုလို တိုက်ခိုက်မှု ဖြစ်ပေါ် လာတာလည်း ဖြစ်ပါတယ်။