ရွေးကောက်ပွဲမှာ အရွေးမမှားဖို့ ဦးခင်အောင်မြင့်ပြော

မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်၈မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာကနေ ဦးခင်အောင်မြင့် ဝင်ပြိုင်မယ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ်၈မှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာကနေ ဦးခင်အောင်မြင့် ဝင်ပြိုင်မယ်

မန္တလေးခရိုင်အတွင်းက ၅မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ပွဲ အောက်တိုဘာလ ၂၃ရက်နေ့က ကျင်းပခဲ့ရာမှာ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပါတီအတွက် မဲဆွယ် မိန့်ခွန်း ဟောသွားခဲ့ပါတယ်။

မန္တလေး မဟာအောင်မြေ မြို့နယ်က မနော်ရမန် လူထု ဟစ်တိုင်ကွင်းမှာ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က သူတို့ အစိုးရ လက်ထက် နိုင်ငံအကျိုး သယ်ပိုးခဲ့တာတွေကို ကျေးရွာဝါဒ သီချင်းနဲ့ ဟောပြော စည်းရုံးသွားခဲ့ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ အခြေခံဥပဒေနဲ့အညီ အာဏာ စွန့်လွှတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့တာ ဖြစ်ကြောင်းကိုလည်း သူက ပြောသွားခဲ့ပါတယ်။

သူတို့ ပါတီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ လိုလားသလို ရွေးကောက်ပွဲ စည်းမျဉ်း စည်းကမ်းတွေကို အတိအကျ လိုက်နာတဲ့ ပါတီ ဖြစ်တာကြောင့် လူထုအနေနဲ့ အရွေးမမှားဖို့ ကိုလည်း အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောခဲ့ပါတယ်။

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဟောပြော စည်းရုံးတဲ့ပွဲကို ပရိတ်သတ် ငါးထောင်လောက် တက်ရောက်ခဲ့ပါတယ်။

ဒီပွဲမှာ မန္တလေးခရိုင်အတွင်း ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ချမ်းအေးသာစံ၊ အောင်မြေသာစံ၊ ပြည်ကြီးတံခွန် မြို့နယ် ၅ခုက ကိုယ်စားလှယ်လောင်းတွေကို လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။

ဦးခင်အောင်မြင့် ကိုယ်တိုင်ကတော့ ရမည်းသင်းနဲ့ ပျော်ဘွယ်ဘက် မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ်၈ ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။