ငြိမ်းချမ်းရေးအလားအလာ မရေရာလို့ ICG ပြော

mpc_ncct
ဓာတ်ပုံ ပုံစာ, တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်း အတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့ကြမယ် ဆိုပြီး လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့ မှာ ရန်ကုန် ကို လာဖို့ တိုင်းရင်းသား အဖွဲ့ တွေ ကို ဖိတ်ခေါ် ထား။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ ပတ်သက်ပြီး NCA လို့ ခေါ်တဲ့ တနိုင်လုံး အပစ်ရပ် သဘောတူမှု စာချုပ် လက်မှတ်ရေးထိုး နိုင်ဖို့ ဟာ မရေမရာ အခြေ အနေ မှာပဲ ရှိနေဆဲ ဖြစ်တယ် လို့ နိုင်ငံတကာ ပဋိပက္ခတွေ စောင့်ကြည့် ရေး အဖွဲ့ International Crisis Group က ပြောလိုက်ပါတယ်။

ဒီလိုမျိုး အပစ်ရပ် သဘောတူ မှု အကောင်အထည် မဖော် ဆောင် နိုင် ဖြစ်နေတဲ့ အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ နေတဲ့ ဒေသတွေမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပ နိုင်ဖို့ အင်မတန် ခဲယဉ်း သွားစေပြီး မဲဆန္ဒနယ် တော်တော်များများ ကို ဖျက်သိမ်း လာရ နိုင်တယ် ဆိုပြီးတော့လည်း ICG ရဲ့ အစီရင်ခံစာ ထဲမှာ ရေးသားထားပါတယ်။

တကယ်လို့ လာမယ့် သီတင်းပတ်တွေ ထဲမှာသာ အပစ်ရပ် လက်မှတ် မထိုး ဖြစ်ကြဘူး ဆိုရင် တော့ ရွေးကောက်ပွဲလွန် ကာလ အစိုးရ အပြောင်းအလဲ နောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ပြန်လည် စတင်နိုင်ဖို့ရာ လပေါင်းများစွာ ပြန်လည် အချိန်ယူ လာရ နိုင်တယ် လို့လည်း ICG က သုံးသပ်ပါတယ်။

အကြောင်းကတော့ ရွေးကောက်ပွဲ လွန်ကာလ မှာ အစိုးရ ဘက် က ငြိမ်းချမ်းရေး အတွက် ဦးဆောင် ညှိနှိုင်း ပေးမယ့်သူ တွေ အပြောင်းအလဲ ရှိလာ နိုင်တဲ့ အတွက် ဖြစ်တယ် လို့ ICG က ဆိုပါတယ်။

NCA လက်မှတ် ရေးထိုး ဖို့ ကြိုးစား နေကြ ချိန် မှာ အစိုးရ စစ်တပ် အနေနဲ့ တိုင်းရင်းသား ဒေသတွေ မှာ စစ်ရေး ဆောင်ရွက်ချက် တွေ ပြုမူ နေရင်တော့ ရွေးကောက်ပွဲ အမှီ အပြီးသတ် သဘောတူ လက်မှတ် ရေးထိုးနိုင်ဖို့ မလွယ်ကူဘူး ဆိုပြီး ဥပဒေ အထောက်အကူပြု ကွန်ရက် ကို ထူထောင်သူ လည်းဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် အစဉ် တဆက် အကဲခတ် ဝေဖန် နေတဲ့ ဦး အောင်ထူး က ဘီဘီစီ ကို ပြောပါတယ်။

ဒီအချိန်မှာပဲ ရှမ်းပြည်နယ်ထဲက ကွန်ဟိန်း၊ မိုးနဲ၊ မိုင်ယွန်း၊ လွယ်လင်နဲ့ ကျောက်မဲ မြို့နယ် တွေထဲက ဒေသအချို့ မှာ စက်တင်ဘာ ၁၆ ရက်နေ့ က တိုက်ပွဲတွေ ပေါ်ပေါက် လာတဲ့ အတွက် အခုဆိုရင် အဲ့ဒီ နယ်မြေတွေမှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ မဲဆွယ် စည်းရုံးတာတွေ ရပ်ထားဖို့ အဲ့ဒီ့ ရှမ်း လက်နက်ကိုင် အဖွဲ့ က ထုတ်ပြန် လာပါတယ်။

အစိုးရ ဘက်ကတော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လုပ်ငန်းအတွက် ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့ကြမယ် ဆိုပြီး လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့ မှာ ရန်ကုန် ကို လာဖို့ တိုင်းရင်းသား အဖွဲ့ တွေ ကို ဖိတ်ခေါ် ထားပါတယ်။